Friday, June 23, 2017

The Voice

တနိုင်းတွင် တပ်မတော် ထိုးစစ်ဆင်မှု ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု ကချင်ပါတီများပြော မြစ်ကြီးနား၊ ဇွန် ၂၂ ကချင်ပြည်နယ် တနိုင်းဒေသ အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တပ်မတော်က ထိုးစစ်ဆင်နေမှုသည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် တစ်စုံတစ်ရာ ရိုက်ခတ်လာနိုင်ကြောင်း ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါ တနိုင်းဒေသအတွင်း ထိုးစစ်ဆင်မှုသည် ယခင်ထိုးစစ်ဆင်မှုထက် ပိုဆိုးရွားပြီး ကျေးရွာဒေသခံများလည်း စစ်ရှောင်အဖြစ် ပြောင်းရွှေ့နေရသည့်အပေါ် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဦးဂျီလန်းယော်က ပြောကြားသည်။ “အခုဒီဒေသမှာ ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်လို့ ဒေသခံတွေ ပြောင်းရွှေ့ရတယ်။ အခုပြောင်းရွှေ့နေရာက ရတနာ မြေယာတွေလည်း ဖြစ်တယ်။ အဓိကတော့ ပြောင်းရွှေ့ခံရပြီးနောက် အဲဒီမြေနေရာတွေမှာ ကုမ္ပဏီတွေက လာပြီး နေရာယူ ဒေသခံတွေက စစ်ဘေးရှောင်အဖြစ် နေရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကချင်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှုကြောင့် အပြန်အလှန် ယုံကြည်မှု ပျက်ပြားလာစေသည့်အပြင် မြေယာနှင့် သယံဇာတကို ဗဟိုမှ ထိန်းချုပ်ခြင်း မပြုဘဲ ဒေသခံ တိုင်းရင်းသားများက စီမံခန့်ခွဲနိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲမှ ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်မှသာလျှင် ပြည်တွင်းစစ် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိ တနိုင်းဒေသတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA/KIO နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
Source : https://goo.gl/igAc9z
via IFTTT

No comments:

Post a Comment