Friday, June 23, 2017

The Irrawaddy - Burmese Edition

ကျူးကျော်များကို မြေကွက်ရိုက် ရောင်းချသည့် ကျေးရွာကော်မတီကို လိမ်လည်မှုဖြင့်အမှုဖွင့်ထား အစိုးရပိုင် မြေများကို အကွက်ရိုက်ရောင်းချခဲ့သော အဖွဲ့ဝင် ၂၇ ဦးပါ အောင်ရတနာကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှ နေအိမ်မဲ့ ကျူးကျော်အုပ်စုတခုက လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ရာတွင် ပါဝင်သူတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ထိုအမှုကို လွန်ခဲ့သော သီတင်းပတ်က လှည်းကူးရဲစခန်းတွင် လာရောက်တိုင်တန်းထားကြောင်း စခန်းမှုး ဒုရဲမှူး မောင်မောင်ဦး က အတည်ပြု ပြောကြားသည်။ ထိုကော်မတီ၏ ခေါင်းဆောင် ဦးပြုံးချိုကို အမှုတွင် အမည်တပ် စွဲဆိုထားပြီး သူသည် ထွက်ပြေး တိမ်းရှောင်နေသည် ဟု ယူဆရသည်။ ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းတလျှောက်တွင် မကြာသေးမီ နှစ်များ အတွင်း အိမ်များ ထောင်နှင့်ချီ တည်ဆောက်ခဲ့ကြပြီး ရတနာအောင်၊ အောင်ရတနာ၊ စိမ်းလန်း၊ ကံ့ကော်ကျွန်း၊ အောင်သုခနှင့် စခန်းကြီး စသည့် ကျေးရွာများ ပေါ်ပေါက်လာခဲ့သည်။ အာဏာပိုင်များက ထိုနေအိမ်များကို စီးပွားကျူး သို့မဟုတ် အစိုးရပိုင်မြေပေါ်တွင် ဒေသခံများ တရားမဝင် နေထိုင်ပြီး နောက် အခြားသူများထံ ပြန်လည် ရောင်းချသည့် စီးပွားဖြစ် ကျူးကျော်များ အဖြစ် သတ်မှတ်သည်။ အစိုးရပိုင် မြေပေါ်တွင် သက်ငယ်မိုး အိမ်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်ခဲ့ကြပြီး အာဏာပိုင်များသည် လှည်းကူးရှိ ထို အဆောက်အအုံများ၏ ၉၀ ရာခိုင်နှုန်းကို တပတ်အတွင်း ဖျက်စီးခဲ့သည် ဟု ရန်ကုန်တိုင်း အိုးအိမ်ဦးစီးဌာန ညွှန့်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။ ဇွန်လ ၁၂ ရက်နေ့တရက်တည်းတွင် အာဏာပိုင်များသည် ရန်ကုန်-နေပြည်တော် အဝေပြေးလမ်း နံဘေးရှိ ကျောက်အိုင်ကျေးရွာရှိ အိမ် ၄၀၀ ခန့်ကို ဖျက်စီးခဲ့သည်ကို ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သူ ဦးသိန်းအောင် အပါအဝင် အောင်ရတနာ ကျေးရွာနှင့် ပတ်သက်သော အမှုတွင် တိုင်ကြားသူ ၉ ဦးအနက် ၅ ဦးတို့သည် ရန်ကုန်တိုင်း အစိုးရရုံးသို့ တနင်္လာနေ့ နံနက်က သွားရောက်ခဲ့ကြသည်။ အခြား ကျူးကျော်များလည်း ၎င်းတို့နှင့် အတူ လိုက်ပါလာခဲ့ကြပြီး မြေဝယ်စဉ် အောင်ရတနာကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ၎င်းတို့ကို မည်ကဲ့သို့ လိမ်လည်ခဲ့သည်ကို အာဏာပိုင်များအား အသေးစိတ် တင်ပြရန် ဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို တိုင်း အစိုးရရုံးအတွင်း ဝင်ခွင့်မပေးပါ။ တွေ့ဆုံခွင့် အတွက် စာတင်ရန် ပြောသည်။ နှင်ထုတ်ခံရသူ ၁၅၀၀ နီးပါးသည် ၎င်းတို့ အိမ်များကို အာဏာပိုင်များက ဖျက်စီးစဉ် ကျန်ရှိခဲ့သော ပစ္စည်းများဖြင့် ယာယီတဲများ တည်ဆောက် နေထိုင်နေကြပြီး အချို့မှာ လှည်းကူးမြို့နယ် တာဆုံကျေးရွာရှိ ရဲမွန်ဘုန်းကြီးကျောင်းများတွင် နေထိုင်လျှက် ရှိကြသည်။ ထိုဘုန်းကြီးကျောင်းများက ၎င်းတို့အား နေထိုင်၊ သွားလာ၊ စာသောက်စရာများ ထောက်ပံ့ပေး ထားသည်။ “လူတွေရာနဲ့ ချီပြီး လမ်းဘေးမှာ အမိုးကောင်းကောင်း မရှိဘဲ နေနေကြရတယ်။ မိဘတွေက ကလေးတွေကို အစိုးရ ကျောင်းတွေမှာ အပ်ထားပြီးပြီ” ဟု ဦးသိန်းအောင်က ပြောသည်။ “ဒီလိုအခက်အခဲတွေကို တိုင်းအစိုးရက ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာ သိချင်တာပါ။ သူတို့တွေက တကယ့် အိုးမဲ့ အိမ်မဲ့လူတွေပါ” ဟု သူက ဆက်ပြောသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း Alliance Stars Group of Companies တို့သည် ၈ နှစ်တာ ကြာမြင့်မည့် အကျိုးအမြတ် ခွဲဝေရေး စီမံကိန်း စာချုပ်တခုကို ၂၀၁၆ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည်။ လှည်းကူး မြို့နယ်တွင် ဆောက်လုပ်မည့် Eco Green City စီမံကိန်းတွင် တန်ဖိုးမျှအိမ်ရာ၊ နိုင်ငံတကာကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်း နှင့် အပမ်းဖြေရန် နေရာတို့ပါဝင်သည်။ ကျူးကျော်သူများကို ဖယ်ရှားပြီးစီးလျှင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် စီစဉ်ထားသည်။ လူနေအိမ် ၁၀၀ ဖြင့် အောင်ရတနာ ကျေးရွာ အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တင်ပြသော လုပ်ငန်းစဉ် တွင် ဒေသခံ အိုးမဲ့အိမ်မဲ့များ အရေးဆောင်ရွက်သူ ဦးစံထွန်းလည်း ပါဝင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက အစိုးရပိုင် မြေများကို ပွဲစားများသို့ ထပ်မံရောင်းချခဲ့သည်။ လူနေအိမ်များ များပြားလာသော အခါ ရွာအဖြစ် လျှောက်ထားသော လုပ်ငန်းစဉ်မှာလည်း ပျက်ပြားသွားခဲ့ရသည်။ “အစိုးရ အနေနဲ့ အိမ်တွေကို မဖျက်စီးခင် ဘယ်သူတွေက ကျူးကျော်အစစ်လဲ ဆိုတာ စစ်ဆေးသင့်တယ်။ အခုတော့ မီးဖွားပြီးစ မိခင်တွေ အပါအဝင် အိုးမဲ့အိမ်မဲ့ အစစ်တွေဟာ မိုးထဲရေထဲမှာနေနေရတယ်” ဟု ဦးစံထွန်းပြောသည်။ အောင်ရတနာ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်တဦးကို ဖမ်းမိသည်ဟု သတင်းများ ထွက်နေသော်လည်း အခြား အဖွဲ့ဝင်များ မည်သည့်နေရာတွင် ရှိသည်ကို အာဏာပိုင်များ မသိကြောင်း နှင့် ၎င်းတို့သည် ကျူးကျော်တဲများကို မဖျက်မီ ထွက်ပြေး တိမ်းရှောင် သွားကြောင်းလည်း ဦးစံထွန်းပြောသည်။ ။
Source : https://goo.gl/nmekpw
via IFTTT

No comments:

Post a Comment