အိန္ဒိယ၊ ဂျပန်၊ အမေရိကန် ရေတပ်များ ပူးပေါင်းပြီး ဘင်္ဂလား ပင်လယ်အော်တွင် စစ်ရေးလေ့ကျင့် ဘင်္ဂလား ပင်လယ်အော်တွင် အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် ရေတပ်များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေကြောင်း သိရှိရသည်။ အိန္ဒိယ သမုဒ္ဒရာနှင့် ဆက်စပ်နေသည့် ဘင်္ဂလား ပင်လယ်အော်တွင် သုံးနိုင်ငံ ပူးပေါင်းထားသည့် Malabar စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ရန်အတွက် ကြီးမားသည့် လေယာဉ်တင် သင်္ဘောကြီးများ၊ တိုက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ စုရုံး ရောက်ရှိလာကြသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမျိုးကို ၁၉၉၂ ခုနှစ် ကတည်းက နှစ်စဉ် ပြုလုပ်လေ့ ရှိသော်လည်း တရုတ်က အိန္ဒိယ သမုဒ္ဒရာဘက် ဖောက်ထွက်ရန် ကြိုးစားလာသည့် နောက်ပိုင်း ကာလများတွင် ပိုမို အလေးထား အကောင်အထည် ဖော်လာသည်။ ယခုနှစ် အစီအစဉ်တွင် အမေရိကန်၏ USS Nimitz လေယာဉ်တင် သင်္ဘောကြီးနှင့် အိန္ဒိယ၏ INS Vikramaditya လေယာဉ်တင် သင်္ဘောကြီးများ ပါဝင်ကြမည် ဖြစ်သလို ဂျပန်ရေတပ်၏ အကြီးဆုံး သင်္ဘောဖြစ်သည့် JS Izumoလည်း ပါဝင်မည်ဟု သိရသည်။ ဒုတိယ ကမ္ဘာစစ်အပြီး ချုပ်ဆိုထားသည့် စာချုပ်များအရ ဂျပန်သည် လေယာဉ်တင် သင်္ဘော တည်ဆောက်ခွင့် မရှိသောကြောင့် JS Izumoကို ရဟတ်ယာဉ်တင် သင်္ဘောအသွင်ဖြင့် ဖန်တီးထားသည်။ သို့သော် ၈၁၄ ပေ ရှည်လျားသည့် သင်္ဘောကိုယ်ထည်၏ ပြန့်ကားပြားဝပ်သော ကုန်းပတ်ပုံစံကြောင့် လေယာဉ်တင် သင်္ဘောတစ်စီးအသွင် အလွယ်တကူ ပြောင်းလဲနိုင်မည်ဟု လက်နက်ရေးရာ သုတေသီများက သုံးသပ်ထားသည်။ ဇူလိုင် ၁၀ ရက်က စစ်ရေးလေ့ကျင့်မှုသည် အိန္ဒိယ သမုဒ္ဒရာ လုံခြုံရေး ကဏ္ဍတွင် အမေရိကန်နှင့် အိန္ဒိယတို့ ပူးပေါင်း ဆောင်ရွက်လိုမှုကို လက်တွေ့ကျကျ မြှင့်တင်လာသည့် ပြယုဂ်တစ်ခုဟု နိုင်ငံတကာရေးရာ မူဝါဒ သုတေသီ တစ်ဦးဖြစ်သော ကွန်စတန်တီနို ဇေဗီယာက ပြောကြားခဲ့သည်။ တစ်ပတ်ကြာ အချိန်ယူထားသည့် လေ့ကျင့်မှု အစီအစဉ်တွင် လေယာဉ်တင် သင်္ဘောကြီးများ အပါအဝင် စုစုပေါင်းရေယာဉ် ၁၆ စီး၊ ရေငုပ်သင်္ဘော ၂ စီးနှင့် လေယာဉ် ၉၅ စီး ပူးပေါင်းပါဝင်ကြမည်ဟု သိရသည်။ အိန္ဒိယ သမုဒ္ဒရာ ရေပြင်ကို လွွှမ်းမိုးရန် တရုတ်၏ စိန်ခေါ်မှု ကြီးထွားလာပြီး တင်းမာမှုများ မြင့်တက်လာသည့်နောက် အိန္ဒိယသည် အမေရိကန်နှင့် ဆက်ဆံရေးကို ပိုမို တိုးမြှင့်လာသည်။ ယခုနှစ် Malabar စစ်ရေးလေ့ကျင့်မှုတွင် ရေငုပ်သင်္ဘောများ ရှာဖွေထောက်လှမ်း ဖျက်ဆီးသည့် လေ့ကျင့်မှု၊ ကင်းလှည့်ထောက်လှမ်းမှု ကဏ္ဍများကို ပိုမို အသားပေး အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တရုတ် ရေငုပ်သင်္ဘောများကို အိန္ဒိယ သမုဒ္ဒရာဘက်ခြမ်းတွင် အတွေ့ရ ပိုများလာသည့်နောက် လေ့ကျင့်ရေး ကဏ္ဍ၏ ဦးတည်ချက်ကို ယခုလို ပြောင်းလဲလာခြင်းဟု သိရသည်။
Source : http://ift.tt/2udDo6X
via IFTTT
No comments:
Post a Comment