Tuesday, July 11, 2017

The Voice

Blogger နေခြည်ဦးနဲ့ တွေ့ဆုံခြင်း လူမှုကွန်ရက် Facebook မှာ Beauty Blogger တစ်ဦးအဖြစ် အောင်မြင်မှု ရရှိနေတဲ့ နာမည်ကျော် သရုပ်ဆောင် အောင်ရဲလင်းရဲ့ ချစ်သူဖြစ်သူ နေခြည်ဦးနဲ့တွေ့ဆုံပြီး Beauty Blogger အလုပ်ကို စလုပ်ဖြစ်တဲ့အကြောင်း၊ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများအကြောင်းနဲ့ အောင်ရဲလင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ Voice : အွန်လိုင်းမှာ Beauty Blogger တစ်ယောက်အဖြစ် လူသိများ အောင်မြင်နေပြီနော်။ ဒီအလုပ်ကို ဘယ်လောက်အထိ အောင်မြင်အောင် ဆက်လုပ်သွားမလဲ။ NCO : ညီမရဲ့ Beauty By Nay Chi Page လေးလုပ်တာ ငါးလလောက်ပဲ ရှိပါသေးတယ်။ ဒီလိုမျိုး တစ်ရှိန်ထိုး တိုးတက်လာတာက ညီမရဲ့ မေမေကြောင့်လည်း ပါတယ်။ အမေများနေ့မှာ မေမေနဲ့ သားအမိနှစ်ယောက် Live လွှင့်လိုက်တဲ့အချိန်မှာ ညီမတို့သားအမိရဲ့ Relationship လေးကို ပရိသတ်တွေက လက်ခံလာကြတယ်။ နေခြည်တို့ ပွင့်လင်းတာကို လက်ခံလာကြတဲ့အတွက် ပိုပြီးတော့ အောင်မြင်လာတယ်ပေါ့နော်။ ဒီ Page လေးကို လုပ်တာ ငါးလလောက်ပဲ ရှိသေးတာဆိုတော့ သက်တမ်း အရမ်းနုပါသေးတယ်။ အဲ့ဒီအတွက် နောက်နှစ်နှစ်၊ သုံးနှစ်လောက်တော့ ဆက်လုပ်ဦးမှာပါ။ ဒီကြားထဲမှာတော့ နေခြည်က ကိုယ်ပိုင် Brand လေးတစ်ခု ထုတ်ဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမဲ့ အချိန် အတိုင်းအတာ တစ်ခုတော့ ယူရဦးမှာပါ။ Voice : ပြည်ပမှာ ကိုယ် သွားရောက် သင်ယူခဲ့တဲ့ပညာနဲ့ လက်ရှိ လုပ်နေတဲ့အလုပ်က သတ်သတ်စီ ဖြစ်နေတယ်နော်။ Beauty Blogger အလုပ်ကို ဘယ်လိုကြောင့် စလုပ်ဖြစ်ခဲ့တာလဲ။ NCO : နေခြည်က မှုခင်းနဲ့ ဆေးပညာနဲ့ ကျောင်းပြီးထားတာပေါ့နော်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက မှုခင်းအတွက် Department သတ်သတ် မရှိသေးဘူး။ အဲ့ဒီမှာ ကိုယ်က ဒါကို စောင့်မလား၊ တခြား လုပ်ငန်းတစ်ခု လုပ်မလားလို့ စဉ်းစားဖြစ်တဲ့အချိန်မှာ နေခြည်က ငယ်ငယ်လေးကတည်းက အလှအပကို အရမ်း ဝါသနာပါတဲ့အတွက် ဝါသနာအရပဲ Beauty Blogger အလုပ်ကို စခဲ့တာပါ။ အခုတော့ ဒီအလုပ်ကို အချိန် သေချာပေးပြီး နေခြည် လုပ်နေပါတယ်။ Voice : ဒီအလုပ်ကို စလုပ်တဲ့ကာလမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရသေးလဲ။ NCO : စလုပ်တုန်းကတော့ နေခြည်က ဝါသနာအရ လုပ်တာပေါ့နော်။ မြန်မာနိုင်ငံမှာ Blogger ဆိုတာ သိပ်နာမည်မကြီးသေးဘူး။ တချို့က Beauty Blogger ဆိုတာ ဘာမှန်းမသိတဲ့ အနေအထားတစ်ခုမှာ နေခြည်တို့က ဒီအလုပ်ကို စလုပ်ခဲ့တာပါ။ ကိုယ်က ဝါသနာအရ စလုပ်ပေမယ့် Facebook မှာကျတော့ Blogger ဆိုတာ အသစ်အဆန်း ဖြစ်နေတဲ့အတွက် လူတွေက စိတ်ဝင်စားကြတယ်။ နေခြည်က မိန်းကလေးတစ်ယောက် ဘယ်လိုပြင်ဆင်နေထိုင်သင့်တယ် ဆိုတာကို ကိုယ် သိသလောက် ပြောပြပေးတယ်။ Make Up Tutorial လေးတွေ တင်ပေးတယ်။ အဲ့ဒီမှာ မိန်းကလေး ပရိသတ်တွေက အရမ်း စိတ်ဝင်စားလာတယ်။ နောက်ပိုင်းမှာ နေခြည့် မေမေနဲ့ Live လွှင့်ပြီးတော့ ယောက်ျားလေးတွေကပါ လက်ခံအားပေးတဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်လာပါတယ်။ Voice : ကိုယ့်ရဲ့ Page ကို လူကြည့်များလာဖို့အတွက် ကျတော့ရော ဘယ်လိုကြိုးစားခဲ့ရလဲ။ NCO : အဲ့ဒါကတော့ နေခြည်တို့ Blogger တွေက Facebook ကို အခြေပြုပြီး ရပ်တည်ရတဲ့အတွက် နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ အင်တာနက်သုံးတဲ့ လူငယ် တော်တော်များများကလည်း Facebook ကိုပဲ အသုံးများကြတာဆိုတော့ နေခြည်တို့ Blogger တွေအတွက် သတင်းအချက်အလက်တွေ ပေးရတာကအစ၊ အဆင်မပြေဘူး။ တကယ်တော့ နေခြည်တို့ Blogger တွေဆိုတာက သူများနိုင်ငံတွေမှာဆို YouTube မှာပဲ Tutorial တွေ တင်ကြတာပါ။ ဒီမှာကျတော့ နေခြည်တို့က Facebook မှာပဲ တင်ရတဲ့အတွက် ပရိသတ်တွေ အနေနဲ့ကျတော့ Beauty By Nay Chi Page ကို ရှာရတာတော့ ပြဿနာ ရှိတာပေါ့နော်။ Facebook တစ်ခုတည်းမှာ Blog တွေ တင်နေရတာတော့ နေခြည့်ရဲ့ အကြီးမားဆုံး အခက်အခဲပါပဲ။ Voice : ကိုယ်ပိုင် Brand ထုတ်ဖို့ စိတ်ကူးရှိတာ ဆိုတော့ ထုတ်ဖြစ်ရင် အလှကုန်တစ်မျိုးမျိုးပဲ ထုတ်မှာလား။ ဒါမှမဟုတ် Clothing Line ဘက်ကို သွားမှာလား။ NCO : နေခြည် ထုတ်ချင်တာကတော့ Cosmetic ပိုင်းပါ။ ဒါပေမဲ့ အလှကုန် ထုတ်ဖို့ကကျတော့ အချိန်တစ်ခုယူပြီး သေချာပြင်ဆင်ရမယ်။ နေခြည်ကတော့ မိန်းကလေး အသုံးအဆောင်၊ ဒါမှမဟုတ် ယောက်ျားလေး အသုံးအဆောင် ပစ္စည်းတစ်ခုခု ထုတ်ဖို့ စိတ်ကူးထားပါတယ်။ လောလောဆယ်မှာတော့ နေခြည့်ရဲ့ Page မှာ Make Up Tutorial လေးတွေ စပြီး တင်ပေးနေတယ်။ ဒါက နေခြည့်ရဲ့ ခံစားချက်နဲ့ တွဲပြီးတော့ Creation တစ်ခုအနေနဲ့ တင်ခဲ့တာပေါ့နော်။ အခုဆိုရင် အဆိုတော်တွေက နေခြည့်ကို သီချင်းတွေ ပေးသုံးလာတယ်။ Facebook မှာကျတော့ နိုင်ငံခြားသီချင်းတွေသုံးရင် Copy Right ရှိတဲ့အတွက် သုံးလို့မရဘူး။ ကိုယ့်ရဲ့ပြည်တွင်းက အဆိုတော်တွေရဲ့ သီချင်းတွေကို သုံးခွင့်ရလာတော့ နေခြည့်အတွက်လည်း အဆင်ပြေတယ်။ နောက်ထပ် အဆိုတော်တွေနဲ့လည်း ပူးပေါင်း တင်ဆက်မှုတွေ လုပ်ဖို့ ရှိပါတယ်။ Voice : ကိုယ်သင်ထားတဲ့ မှုခင်းနဲ့ ဆေးပညာဆိုတဲ့ ပညာရပ်ကိုရော ဘယ်အချိန်လောက်မှာ ပြန်ပြီး အသုံးချဖို့ စဉ်းစားထားလဲ။ NCO : ကိုယ်သင်ထားတဲ့ ပညာကတော့ နိုင်ငံနဲ့အဝန်း၊ တိုင်းပြည်နဲ့အဝန်း တာဝန်ထမ်းဆောင်ရမယ့် ပညာမျိုး ဖြစ်သွားတာပေါ့နော်။ မှုခင်းနဲ့ ဆေးပညာကိုလည်း နေခြည် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် သင်ကြားခဲ့တာပါ။ အဲ့ဒါကြောင့် အခါအခွင့် ကြုံလာရင်တော့ ကိုယ်သင်ထားတဲ့ ပညာရပ်တွေကို ပြန်ပြီး အသုံးချချင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာက ကိုယ့်နိုင်ငံမှာ မှုခင်းနဲ့ပတ်သက်တဲ့ Department သီးသန့် မရှိသေးတော့ လုပ်ငန်းခွင်ဝင်ဖို့က နည်းနည်း အခက်အခဲ ရှိနေပါသေးတယ်။ ကိုယ့်နိုင်ငံ တိုးတက်လာတာနဲ့အမျှ၊ ပွင့်လင်းလာတာနဲ့အမျှ ကိုယ့်ရဲ့ပညာတွေကို အသုံးချခွင့်ရလာမှာပါ။ Voice : ချစ်သူက နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်နေပေမယ့် သူ့အကူအညီကိုယူပြီး လူသိများအောင် လုပ်တာမျိုး မတွေ့ရဘူးနော်။ ကိုယ့်ကြိုးစားမှုနဲ့ပဲ ကိုယ် ရပ်တည်ချင်တာလား။ NCO : အဓိကကတော့ အဲ့ဒီလိုမျိုး ပရိသတ်တွေကို မြင်စေချင်တာပါ။ သူနဲ့ ညီမရည်းစားဖြစ်တာကတော့ တစ်ပိုင်းပေါ့နော်။ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်နိုင်တယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်၊ မိန်းကလေး တစ်ယောက်မှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်ဆိုတာကို နေခြည် ပြချင်တယ်။ အဲ့ဒါကြောင့် ဒီအလုပ်ကို စလုပ်ကတည်းက နေခြည် တစ်ယောက်တည်းပဲ ကြိုးစားခဲ့တာပါ။ အဲ့ဒါကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုပေးတဲ့အတွက် နေခြည် ကျေးဇူးတင်ပါတယ်။ Voice : ကိုယ်ဒီအလုပ်စလုပ်တော့ အောင်ရဲလင်းက ဘယ်လို အကြံဉာဏ်တွေ ပေးခဲ့သေးလဲ။ ကိုယ်က Beauty Blogger ဖြစ်နေတော့ ကိုယ့်ချစ်သူကိုရော ဘယ်လို ပံ့ပိုးပေးတာမျိုးရှိလဲ။ NCO : သူ့အနေနဲ့ကတော့ အလှအပပိုင်းနဲ့ပတ်သက်ပြီး သိပ်မပြောနိုင်ပေမယ့် ကိုယ့်ရဲ့ Branding ကို ဘယ်လိုဖောက်ရမလဲ။ ကိုယ့်ရဲ့ Image ကို ဘယ်လိုရပ်တည်မလဲ ဆိုတာမျိုးတွေတော့ ညီမကို အကြံပေးပါတယ်။ ညီမကတော့ သူ့ကို အလှအပပိုင်းနဲ့ ပတ်သက်ပြီး ကူညီပေးရတာမျိုးတော့ မရှိပါဘူး။ သူကိုယ်တိုင်ကလည်း အရမ်းကြီး အလှအပလုပ်တဲ့ လူ မဟုတ်တော့လေ။ သူ့ရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့တော့ နေခြည် တတ်နိုင်သလောက် အကြံဉာဏ်လေးတွေ ပေးဖြစ်တာမျိုးတော့ ရှိပါတယ်။ Voice : နှစ်ယောက်လက်တွဲ ဖို့ကျတော့ရော ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။ NCO : နှစ်ယောက် လက်တွဲဖို့ကတော့ လိုပါသေးတယ်။ နေခြည်က အခုမှ စီးပွားရေး စလုပ်ရတယ်။ သူကလည်း သူ့အနုပညာလမ်းကြောင်းမှာ သူ့ဟာသူ အောင်မြင်နေတဲ့အတွက် နှစ်ယောက်လက်တွဲဖို့ အကြောင်းကိုတော့ တိုင်ပင်ကြတာမျိုး မရှိသေးဘူးပေါ့နော်။ နေခြည်ကလည်း အသက် ၂၅ နှစ်အရွယ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတယ်။ ကိုယ့်အလုပ်ကိုယ် လုပ်နေတဲ့အတွက် အိမ်ထောင်ပြုဖို့ ကိစ္စကို သူနဲ့ တိုင်ပင်တာမျိုး မရှိသေးပါဘူး။ သန့်ဇင်ဦး
Source : https://goo.gl/f2kSaU
via IFTTT

No comments:

Post a Comment