"နည်းပြနဲ့ သရုပ်ပြ လစ်လပ် နေရာ ၁၄၀၀ နီးပါးအတွက် ခေါ်မယ်" တစ်နိုင်ငံလုံးမှာ ရှိတဲ့ တက္ကသိုလ် ၊ ကောလိပ်တွေမှာ လစ်လပ်နေတဲ့ နည်းပြ နဲ့ သရုပ်ပြရာထူးတွေ အတွက် လျှောက်လွှာတွေ ခေါ်ယူနေပြီး ဇူလိုင်လကုန်ပိုင်းမှာ စတင်ခန့်ထားနိုင်ဖို့ရှိတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သတင်းရရှိပါတယ်။ တစ်နိုင်ငံလုံးက တက္ကသိုလ်၊ ကောလိပ် ၁၂၉ ခုမှာ လစ်လပ်နေတဲ့ နည်းပြ နဲ့ သရုပ်ပြ ရာထူးနေရာတွေအတွက် ဆရာ၊ ဆရာမ ဦးရေ ၁၄၀၀ ခန့် ခေါ်ယူဖို့ လျာထားတာဖြစ်ပါတယ်။ အဲဒီရာထူးတွေအတွက် လျှောက်ထားလိုတဲ့ သူတွေဟာ သတ်မှတ်လျှောက်လွှာပုံစံတွေနဲ့ မိမိတာဝန်ထမ်းဆောင်လိုတဲ့ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နဲ့ ကောလိပ်တွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ တက္ကသိုလ်အသီးသီးမှာ နည်းပြနဲ့ သရုပ်ပြအသစ် ခန့်ထားမှုတွေကို အရင်က အဆင့်မြင့်ပညာ ဦးစီးဌာနက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၊ ပြီးခဲ့တဲ့နှစ်က နည်းပြ၊ သရုပ်ပြခေါ်ယူမှုက စတင်ပြီး တက္ကသိုလ်တွေ အနေနဲ့ ဆရာ၊ဆရာမ လိုအပ်ချက်အရ ကိုယ်တိုင်ရွေးချယ်ခန့်ထားခွင့်ပြုထားတာဖြစ်ပါတယ်။ အသစ်ခန့်ထားမည့် နည်းပြ၊ သရုပ်ပြတွေကို တက္ကသိုလ်အလိုက် ရေးဖြေ၊ လူတွေ့ စာမေးပွဲတွေ ကျင်းပကာ ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပြီး လျှောက်လွှာတင်ရမယ့်ရက်ကို ဇူလိုင်လ (၁၀) ရက်ထိနောက်ဆုံးထား သတ်မှတ်ပေးထားတယ်လို့ အဆင့်မြင့် ပညာဦးစီးဌာနကနေ သိရပါတယ်။ ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Source : http://ift.tt/2twG4en
via IFTTT
No comments:
Post a Comment