Monday, July 24, 2017


ရေကြီးရေလျှံမှုမှာ သဘာဝဘေးဒဏ် မဟုတ်တော့ဘဲ နေထိုင်မှုပုံစံပြောင်းရန် ပဲခူးဝန်ကြီးချုပ်ပြော ပြည်၊ ဇူလိုင် ၂၃ လက်ရှိ ရေကြီးရေလျှံမှုများသည် နှစ်စဉ် ဖြစ်ပေါ်နေကြပြဿနာဖြစ်နေ၍ သဘာဝဘေးဒဏ် မဟုတ်တော့ဘဲ နေထိုင်မှုပုံစံ ပြောင်းလဲရန် လိုအပ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။ ပြည်မြို့ နဝင်းရပ်ကွက်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (ဝါဆိုဘုန်းကြီးကျောင်း)တွင် ရေဘေးသင့်ပြည်သူများနှင့် ယနေ့ (ဇူလိုင်လ ၂၃ ရက်) နံနက် ၁၁ နာရီခန့်က တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “နှစ်စဉ်လို ဖြစ်နေတော့ သဘာဝဘေးလို့ ပြောလို့မရတော့ဘူး။ ဒီမိုကရေစီ နည်းလမ်းတကျ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးပိုင်းက လူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နေထိုင်မှု ပုံစံပြောင်းသင့်ရင် ပြောင်းရမယ်”ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသည်။ နှစ်စဉ် ရေဝင်နေကြနေရာများမှ ပြောင်းရွှေ့ ဆောက်လုပ်ခြင်း၊ အိမ်အမြင့် ဆောက်ခြင်းမျိုးများ ကြိုတင်ပြုလုပ်ထားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ရေကြီးရင် ကလေးတွေ ရေနှစ်မှာ ကြောက်ရတာလဲတစ်ဒုက္ခ ခုလျှပ်စစ်မီးတွေ ဖြတ်ထားတယ်။ လျှပ်စစ်အန္တရာယ်လည်း ကြောက်ရမှာစိုးလို့ နောက်ပိုင်းကြရင်တော့ ဆိုလာနဲ့ဖြစ်ဖြစ် ဘတ္ထရီနဲ့ဖြစ်ဖြစ် မီးရအောင် လုပ်ပေးမယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။ ပြည်မြို့နယ်အတွင်း ဇူလိုင်လအတွင်း ရေဝင်ရောက်သည့်အိမ်ခြေ ၁၉၇၂ လုံး၊ လူဦးရေ ၇၉၄၆ ဦး၊ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စု ၄၃၁ စု လူဦးရေ ၁၆၆၇ ဦးရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန စာရင်းများအရ စုံစမ်း သိရှိရသည်။ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရေဝင်နစ်မြုပ်သည့်နေရာတွင် နေထိုင်ကြသူ အများစုသည် အခြေခံ လူတန်းစားများဖြစ်ပြီး မြစ်ဆိပ်ကုန်တင်ကုန်ချ၊ ငါးဖမ်းခြင်း စသည်တို့ဖြင့် အသက်မွေးဝမ်းကြောင်းနေသူ အများစုဖြစ်ပြီး နေရာပြောင်းရွှေ့လိုခြင်း မရှိကြသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
Source : https://goo.gl/Sr59ys
via IFTTT

No comments:

Post a Comment