Sunday, July 23, 2017

The Voice

သတင်းသမားများကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ တပ်မတော်နှင့် ဆွေးနွေးမည်ဟုဆို တပ်မတော်က သတင်းသမားများကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောကြားသည်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အပါအဝင် သတင်းမီဒီယာ အဖွဲ့အစည်းများ လာမည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့ဆုံရန် ဖိတ်ကြားထားပြီး ယင်းတွေ့ဆုံမှုတွင် သတင်းသမားများ ကြုံတွေ့နေရသည့် အခြေအနေများကို တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ (၅) ဦး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂနှင့် မြန်မာ ဂျာနယ်လစ် ကွန်ရက်တို့မှ ၃ ဦးစီတက်ရောက်ရန် “သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ”ခေါင်းစဉ်ဖြင့် ဖိတ်ကြားထားခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသည် တံခါးပိတ် ဆွေးနွေးပွဲ Workshop ပုံစံဖြင့် ဆွေးနွေးသွားမည်ဖြစ်ရာ သတင်းသမားများ၏ အခြေအနေ အဖြစ်အပျက်များကို တင်ပြသွားမည်ဖြစ်ပြီး တပ်မတော်ဘက်မှလည်း တုံ့ပြန်မှုရရှိမည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသီဟစောက ဆိုသည်။ “ကျွန်တော်တို့က စောစောပိုင်းက ကာချုပ်ကို တွေ့ဖို့တောင်းထားတာ။ အခုတော့ သတင်းမှန်ပြန်ကြားရေးနဲ့ပေါ့။ ကျွန်တော်တို့ဘက်ကလည်း ပြောစရာရှိသလို သူတို့ဘက်ကလည်း ပြောစရာရှိမှာပေါ့”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် တပ်မတော်အနေဖြင့် သတင်းမီဒီယာသမားများကို တရားစွဲဆိုမှုများ မြင့်တက်နေခဲ့ပြီး တပ်မတော်သတင်းများနှင့်ပတ်သက်၍ သတင်းဌာနများက ထိန်းသိမ်း ဖော်ပြနေရသည့် အခြေအနေတစ်ခု ဖြစ်နေသည်။ အဆိုပါ တွေ့ဆုံမှုတွင် လက်ရှိ တရားစွဲဆို၍ ဖမ်းဆီးခံထားရသည့် The Voice သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ DVB၊ The Irrawady သတင်းဌာနများမှ သတင်းထောက်များနှင့် ပတ်သတ်၍ ဆွေးနွေးခွင့်ရရန် မျှော်လင့်ပြီး တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်နေသည့်အချိန်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။ “လောလောဆယ်မှာတော့ အဲဒီအကြောင်းအရာတွေက ဒီအဖွဲ့တွေကြားမှာ ပြောစရာ ရှိနေတယ်။ ကျွန်တော်အမြင်မှာတော့ အဲဒီကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရမယ်ဆိုရင် အယူအဆ မတူတဲ့ အချို့အရာတွေကို ညှိုနှိုင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်”ဟု တပ်မတော်ဘက်က စေတနာ မှန်သည်ဟု ဆိုလျှင် တရားစွဲဆိုထားမှုများကို ယင်းတွေ့ဆုံပွဲ မတိုင်ခင် ရုပ်သိမ်းရမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းမရှိပါက ယခင် အလုပ်ရုံ ဆွေးနွေးပွဲများကဲ့သို့ မည်သည့်ရလဒ်မှ ထွက်ပေါ်လာမည် မဟုတ်ကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီမှ ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။ “တရားစွဲဆိုမှု မရုပ်သိမ်းဘဲနဲ့တော့ တွေ့တာပဲ ရှိမယ်၊ ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ သတင်းတွေနဲ့ လက်ရှိဖြစ်နေတဲ့ ဆက်ဆံရေး တင်းမာနေမှုကို လျော့ချချင်လို ဟန်ပြလုပ်တာ”ဟု ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့နှင့် ဆက်သွယ်သည်ဆိုကာ သတင်းထောက် သုံးဦးကို တပ်မတော်က မတရားအသင်းအမှုဖြင့် တရားစွဲဆိုဖမ်းဆီးထားပြီး The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကိုလည်း ပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က တရားစွဲဆိုခဲ့သည်။
Source : https://goo.gl/dmzVrm
via IFTTT

No comments:

Post a Comment