Friday, July 21, 2017

DVB TV News

ကွာရှင်းစရိတ် ကန်ဒေါ်လာ ၇ သန်းကျော်ပေးရန် ဆမ်ဆောင်း အမွေခံသမီးကို အမိန့်ချ ကမ္ဘာကျော် ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းရဲ့ အမွေခံသမီးဖြစ်သူ လီဘိုဂျင်းဟာ လင်မယား ကွာရှင်းစရိတ်အဖြစ် သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ကိုရီးယားဝမ်ငွေ ၈ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၄ သန်း) ပေးဖို့ တရားရုံးက ဇူလိုင် ၂၀ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ တရားရုံးက အမိန့်ချမှတ်ရာမှာ အသက် ၄၆ နှစ်အရွယ် လီဘိုဂျင်းအနေနဲ့ သားကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ လင်မ်ဝူဂျေးက လင်မယားကွာရှင်းဖို့၊ ကလေးကို ထိန်းသိမ်းခွင့်ရလိုမှုတို့နဲ့ ၂၀၁၄ ခုနှစ်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာပါ။ ဒါ့အပြင် အသက် ၄၈ နှစ်အရွယ် လင်မ်ဝူဂျေးက လင်မယားပိုင်ဆိုင်မှု ခွဲဝေရာမှာ ကိုရီးယားဝမ်ငွေ ၁ ဒသမ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ ဘီလီယံ) ရလိုကြောင်း တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ လင်မ်ဝူဂျေးက အခုချမှတ်တဲ့အမိန့်ကို အယူခံဝင်ဖို့ စီစဉ်နေတယ်လို့လည်း တောင်ကိုရီးယား ယွန်ဟပ်သတင်းမီဒီယာက ဖော်ပြပါတယ်။ သာမန်မိသားစုကနေ မွေးဖွားလာတဲ့ လင်မ်ဝူဂျေးနဲ့ ဆမ်ဆောင်းကုမ္ပဏီပိုင်ရှင်ရဲ့ သမီး လီဘိုဂျင်းတို့ဟာ ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အဲဒီအချိန်က လင်မ်ဝူဂျေးကို “မစ္စတာ စင်ဒရဲလား” လို့ ကိုရီးယားမီဒီယာတွေက ကင်ပွန်းတပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
Source : http://ift.tt/2gPqHJs
via IFTTT

No comments:

Post a Comment