အငြိမ်းစားဒုဗိုလ်မှူးကြီး၏နေအိမ်တွင် အလုပ်လုပ်ကိုင်နေစဉ် နှိပ်စက်ခံခဲ့ရသည်ဟုဆိုကာ အမှုဖွင့်ထားသည့် အိမ်အကူမိန်းကလေး ရန်ကုန်သို့ တရားရုံးချိန်း လာရောက်စဉ် ပျောက်ဆုံး အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် အလုပ်လုပ်စဉ် နှိပ်စက်ခံခဲ့ရသည်ဟုဆိုကာ အမှုဖွင့်ထားသည့် အိမ်အကူမိန်းကလေးမှာ မရမ်းကုန်းမြို့နယ် တရားရုံးသို့ ရုံးချိန်း လာရောက်စဉ် ပျောက်ဆုံးနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။ ၂၀၁၅ ခုနှစ်က မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရွှေကမ္ဘာအိမ်ရာရှိ အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦး၏ နေအိမ်တွင် အိမ်အကူအလုပ် လုပ်ကိုင်နေသည့် မ.... (၁၂ နှစ်) မှာ ယင်းနေအိမ်တွင် အလုပ်လုပ်ကိုင်နေစဉ် အိမ်ရှင်၏ဇနီးဖြစ်သူက ညှဉ်းပန်းနှိပ်စက် စေခိုင်းခဲ့ကြောင်း တရားလို၏အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။ ထိုသို့ အမှုဖွင့်ပြီးနောက် မရမ်းကုန်းတရားရုံးတွင် တရားရင်ဆိုင်နေစဉ် ၂၀၁၇ ခုနှစ် ဇူလိုင် ၄ ရက်တွင် မ...(၁၂ နှစ်) မှာ ၎င်းနေထိုင်သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့မှ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်ခဲ့ပြီး တရားရုံးအနီးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ၎င်း၏ အဘွားနှင့် တည်းခိုစဉ် ဇူလိုင် ၄ ရက် နံနက်က ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ “သူကအဘွားနဲ့အတူလာတာ။ သူ့အဘွားက ခရီးပန်းတော့ အိပ်ပျော်သွားတယ်။ နိုးတော့သူ့မြေးကို မတွေ့ဘူး။ ပတ်ဝန်းကျင်ကိုလည်း လိုက်ရှာတယ်။ ဒါပေမဲ့ တစ်ပတ်တောင်ရှိပြီ ဘာသတင်းမှမရဘူး။ အခုတော့ ရဲစခန်းမှာ လူပျောက်တိုင်ထားပါတယ်” ဟု မ.... (၁၂ နှစ်) ၏ မိခင်က ပြောကြားသည်။ ပျောက်ဆုံးနေသည့် မ... (၁၂ နှစ်) မှာ အဆိုပါ ရုံးချိန်းသို့ ယင်းအမှုတွဲတွင် ပါဝင်သည့် ၎င်းနှင့်အတူ အမျိုးသမီး နှစ်ဦး၊ အဘွားဖြစ်သူတို့နှင့် ရန်ကုန်သို့လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့မှာ အမှုကိစ္စရင်ဆိုင်ရ၍သာ ရန်ကုန်သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်း သွားလာတတ်ခြင်းမရှိကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။ အမှုတွင်ပါဝင်သည့် မ.. (၁၂ နှစ်) နှင့် အမျိုးသမီးတစ်ဦးတို့မှာ မန္တလေးတိုင်းဒေသကြီးတွင် အိမ်နီးချင်းနေထိုင်သူများဖြစ်ပြီး အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် တစ်လလျှင် ကျပ်ငါးသောင်းဖြင့် အိမ်အကူလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ထံမှ ကြိုတင် ငွေကျပ် ၁၅ သိန်း ထုတ်ယူထားကြောင်း၊ မ....(၁၂ နှစ်) မှာ အိမ်အလုပ်များ ခိုင်းစေရာတွင် အဆင်မပြေသဖြင့် အိမ်ရှင်ဖြစ်သူ၏ ဇနီးက ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့အား ကြိတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မရမ်းကုန်းမြို့နယ်တရားရုံးတွင် မ...(၁၂ နှစ်) အား မေးမြန်းစဉ် ထွက်ဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် မ...(၁၂ နှစ်) အား ရေချိုးခန်းအတွင်းပိတ်ပြီး ၎င်းနှင့်အလုပ်အတူ လုပ်ကိုင်သည့် အမျိုးသမီးအား ငရုတ်ကျည်ပွေ့ပေး၍ မ....(၁၂ နှစ်) ၏ သွားများအား ရိုက်ချိုးရန် အငြိမ်းစားဒုဗိုလ်မှူးကြီး၏ ဇနီးက ခိုင်းစေခဲ့ကြောင်း တရားလို၏ အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်မှ အိမ်ရှင်အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ ဇနီးဖြစ်သူအား ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၄၂/၁၁၄ ဖြင့်လည်းကောင်း၊ မ...(၁၂ နှစ်) နှင့် အိမ်အကူအဖြစ် အတူလုပ်ကိုင်သည့် အမျိုးသမီးအား ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း အမှုဖွင့်ထားပြီး မရမ်းကုန်းမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။
Source : http://ift.tt/2ucAtLE
via IFTTT
No comments:
Post a Comment