ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ ဇူလိုင် ၁၇ ရက်တွင် ဆက်လက်မြင့်တက်နေပြီး ဆိပ်ကမ်းနှင့် မြို့တွင်းသို့ သွားလာသည့် လမ်းများတွင် မြစ်ရေလျှံတက်နေခြင်းကြောင့် ယာဥ်များသွားလာ၍ မရသည့်အတွက် ကုန်တင်ချလုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။ ပခုက္ကူဆိပ်ကမ်းတွင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်ပို့မော်တော်ယာဥ်များ အများဆုံး ရပ်နားရာနေရာဖြစ်ပြီး နေ့စဥ်ဆန်အိတ်ရေ တစ်သောင်းနှင့်အထက် သယ်ယူမှု ပြုလုပ်နေခြင်းကြောင့် အခြေခံကမ်းနားကုန်ထမ်းလုပ်သားများ အားထားရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ “လောလောဆယ် မြစ်ရေက လမ်းတွေပေါ်လျှံတက်နေတယ်။ ကားတွေသွားမရတဲ့ အတွက် ဂိုဒေါင်ကိုသယ်ရမယ့် ဆန်တွေမသယ်နိုင်သေးဘူး။ မော်တော်တွေပေါ်မှာပဲ ရှိသေးတယ်။ ရေကျလို့ ကားတွေမောင်းရမှပဲ ဆန်တွေပြန်ထုတ်နိုင်မယ်။ ပွဲရုံက လုပ်သားတွေ အတွက်တော့ ဆိပ်ကမ်းဆန်မဝင်တော့ ဝင်ငွေတော့ အနည်းငယ် လျော့တာပေါ့” ဟု ပခုက္ကူမြို့ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုမှ ကိုထက်က ပြောကြားသည်။ ရက်ရှည်ဆိပ်ကမ်း အတင်အချလုပ်ငန်း ရပ်နားထားရပါက ကုန်တင်ကုန်ချလုပ်ကိုင်သည့် လုပ်သားမိသားစုများအနေဖြင့် စားဝတ်နေရေး ခက်ခဲနိုင်ပြီး မကြာခင် မြစ်ရေပြန်လည်ကျဆင်းရန် မျှော်လင့်နေကြောင်း ဆိပ်ကမ်းလုပ်သားများက ပြောကြားသည်။ “ဆိပ်ကမ်းရဲ့ အရှေ့ဘက်ခြမ်း အမှတ် (၁၄) ကနေ မြို့ထဲဆန်ဂိုဒေါင်တွေဆီသွားတဲ့လမ်းလည်း ရေကျော်နေတော့ ကားတွေ မောင်းမရဘူး။ ဆိပ်ကမ်းအနောက်ဘက်လမ်းကလည်း ဆိပ်ကမ်းအဝင်မှာ ရေကျော်နေလို့ ကားတွေမောင်းမရဘူး။ ဆိပ်ကမ်းကနေ မြို့ထဲသွားတဲ့ လမ်းနှစ်လမ်းလုံး မြစ်ရေကျော်နေတာပေါ့။ လုပ်ငန်းတွေ ရပ်ထားရတော့ အရင်ရက်တွေတုန်းက စုထားတဲ့ပိုက်ဆံနဲ့ စားရတယ်။ ရေမြန်မြန်ကျမှ အဆင်ပြေမယ်” ဟု ပခုက္ကူဆိပ်ကမ်းတွေ ကုန်တင်ကုန်ချလုပ်ကိုင်သည့် လုပ်သားကိုမိုးက ပြောကြားသည်။ ပခုက္ကူဆန်စျေးကွက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့များ ချင်းပြည်နယ်နှင့် ယောဒေသများသို့ တင်ပို့ရောင်းချနေခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသထွက် ဆန်များအများဆုံး ရောင်းဝယ်ရာ နေရာတစ်ခုဖြစ်ပြီး ကမ်းနားကုန်တင်ကုန်ချလုပ်ငန်းမှာ အခြေခံ ကုန်တင်ကုန်ချလုပ်သားများ စားဝတ်နေရေးအတွက် များစွာ အထောက်အကူပြုကြောင်း သိရသည်။ ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ကျော်လွန်ရောက်ရှိလာသည့်အတွက် ရေဝင်နစ်မြုပ်ဒေသမှ ရေဘေးရှောင်သူ တစ်သောင်းကျော်သွားပြီး ကုန်းမြင့်များနှင့် ရေလွတ်ရာနေရာများသို့ ရှောင်ရှားသည့် အိမ်ထောင်စု ၂ဝဝဝ ကျော်၊ လူဦးရေ ၁ဝဝဝဝ ကျော်ထိ ရောက်ရှိလာကြောင်း သိရသည်။ ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ဇူလိုင် ၁၇ ရက် တိုင်းထွာချက်အရ ၂၁၈၁ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေ အမှတ် ၂၁၅ဝ အထက် ၃၁ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာမှ ထုတ်ပြန်ချက်အရ သိရသည်။ ရေစကြိုမြို့နယ်တွင်လည်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေ လျှံတက်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအများအပြား ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၃၅၁၄ စု၊ လူဦးရေ ၁၃၈၇၆ ဦး၊ ရေလွတ်ရာ ကုန်းမြင့်များနှင့် ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။ Writer: သက်ထိန်ဝင်း (ပခုက္ကူ)
Source : http://ift.tt/2tla0eX
via IFTTT
No comments:
Post a Comment