Saturday, July 8, 2017

Mizzima - News in Burmese

8.7.2017 (Breaking News) ဒီကနေ့ပြုလုပ်တဲ့ YRTA အစည်းအဝေးဆုံးဖြတ်ချက်အရ YBS ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ YBS ၅၅ ယာဉ်လိုင်းကို တာဝန်ယူပြေးဆွဲနေတဲ့ ရန်ကုန်မြောက်ပိုင်းတိုက်ကြီးသားအများပိုင်ကုမ္ပဏီက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ YBS နှစ်စီး တိုက်မိမှုမှ YBS ၅၅ ယာဉ်လိုင်းအား ဖျက်သိမ်းမည် ==================================== ယမန်နေ့ ဇူလိုင်လ ၇ ရက် ညနေက လူ ၉ ဦးထိ သေဆုံးခဲ့သော YBS ၅၅ နှင့် YBS ၃၇ ယာဉ်တိုက်မှု တွင် တိုက်ကြီးသားအများပိုင်ယာဉ်လိုင်းမှ YBS ၅၅ ယာဉ်လိုင်းအား ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်း ရေးမှူး ဒေါက်တာမောင်အောင်က မဇ္စျိမသို့ ပြောသည်။ အဆိုပါ တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ ပြေးဆွဲနေသည့် YBS ၅၅ ယာဉ်တစ်စီးက YBS ၃၇ (ယခင် BRT Lite ) ယာဉ်ကို ဝင်တိုက်မိခဲ့ပြီးနောက် ယခုလို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ “ အဲ့ဒီ ၅၅ ယာဉ်လိုင်း တစ်လိုင်းလုံးကိုတော့ လုံးဝဖျက်သိမ်းပါမယ်။ ကျွန်တော်တို့ ပြန်ပြီးတော့ သုံးသပ်နေတယ်။ မှော်ဘီ၊ တိုက်ကြီးဘက်ကနေ မြို့တွင်းကို လာမယ်လူတွေ ရှိသေးတယ်ဆိုတော့ သူတို့တွေ သွားရေး၊ လာရေးကိုထည့်စဉ်းစားတာပေါ့။ အများပိုင်ကုမ္ပဏီဆိုတာရှိတယ် မြောက် ပိုင်းသား ဒါပေမယ့် အခု ဖြစ်ပွားတာက အဲ့ဒီယာဉ်လိုင်းထဲမှာ တစ်ဦးပိုင်ယာဉ်တွေက ဆွဲတဲ့ဟာမျိုး ဆိုတော့ အဲ့ဒီ ဟာတွေကို ပြန်စစ်မယ်။ စစ်ပြီးရင်တော့ ၅၅ ယာဉ်လိုင်းကို ဖျက်ပြီးတော့ လိုင်း တစ်လိုင်း ထပ်ပေးပြီး ကုမ္ပဏီကားစစ်စစ်တွေနဲ့ပဲ ပြေးဆွဲသွားမယ် ”ဟု ဒေါက်တာမောင်အောင်က ပြောသည်။ YBS ၅၅ ယာဉ်လိုင်းမှာ ဥက္ကံနှင့် မော်တင် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယင်းယာဉ်လိုင်းမှာ အများပိုင်ယာဉ်လိုင်းဟုဆိုသော်လည်း ကိုယ်ရကိုယ်ယူ စနစ်ဖြင့် ပုဂ္ဂလိကကားများမှ ဝင်ရောက်ပြေးဆွဲနေခြင်းဖြစ်သည်။ အဆိုပါ ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းပြီးပါက ကုမ္ပဏီပိုင်ဘတ်စ်ကားများဖြင့်သာ ပြေးဆွဲသွားမည် ဖြစ်ပြီး ကိုယ်ရကိုယ်ယူစနစ်ဖြင့် ပုဂ္ဂလိကဘတ်စ်ကားများ ဝင်ရောက်ပြေးဆွဲခြင်းကို လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ လတ်တလောတွင် မြို့တွင်းဧရိယာသို့ လုံးဝပြေးဆွဲခွင့်ပြုမည်မဟုတ်ဘဲ ထောက်ကြန့်အထိသာ ပြေးဆွဲခွင့်ပြုမည် ဖြစ်ပြီး ၅၅ လိုင်းဖျက်သိမ်းပြီးပါက အများပိုင် ကားလိုင်းသစ်တစ်ခု အစားထိုး ပြေးဆွဲပေးမည်ဖြစ်သည်။ “ ၅၅ လိုင်းက မြောက်ပိုင်းသားတာဝန်ယူထားတဲ့ လိုင်းလေ။ သူတို့ကိုလည်း အခွင့်အရေး ပေးရမှာပဲလေ။ ကုမ္ပဏီပိုင်ကား ဖြစ်ရင်တောင်မှ ကျွန်တော်တို့က တိုက်ကြီးကနေထောက်ကြန့် ထိပဲ ပြေးဆွဲခွင့်ပြုမှာ။ အဲ့ဒါ အတွက် လိုင်းတစ်လိုင်း ကျွန်တော်ပြန်ပေးပါမယ်။ ကျောင်းသားတွေအတွက် ကတော့ ကျွန်တော်တို့ သီးသန့် စဉ်းစားပေးမယ်။ ကျောင်းသားဆိုတာက မှော်ဘီအတွက်ကတော့ ၃၇ ယာဉ်လိုင်းကို ပြေးဆွဲပေးဖို့ အစီအစဉ် ဆွဲနေတယ်။ အဓိကကျောင်းချိန်မှာပဲ အဓိက ပြေးဆွဲပေးရမှာလေ။ အဲ့ဒါကို ကျွန်တော်တို့ စဉ်းစားပေးမယ်” ဟု ဒေါက်တာမောင်အောင်က ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဇူလိုင် ၇ ရက်၊ နေ့လည် ၁ နာရီ၊ မိနစ် ၄ဝ အချိန်တွင် ဆူးလေ - ထောက်ကြန့် ပြေးဆွဲပေးနေသည့် YBPC ကုမ္ပဏီပိုင် YBS ၃၇ နှင့် ဥက္ကံနှင့် မော်တင် ပြေးဆွဲပေးနေသည့် တိုက်ကြီးသား အများပိုင်ယာဉ်လိုင်းမှ YBS ၅၅တို့ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ထောက်ကြန့်မွေးမြူရေး မှတ်တိုင်အနီး ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းရှေ့တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ YBS ၅၅ နှင့် YBS ၃၇ ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ယာဉ်ပေါ်ပါရှိသည့် ခရီးသည် ၉ ဦးထိ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁ဝ ဦးရှိကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်တိုက်မှုအား အင်းစိန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃ဝ၄(က)/ ၃၃၈/ ၃၃၇/ ၂၇၉ စသည့် ပုဒ်မ ၄ ခု ဖြင့် အမှုဖွင့်ထားသည်။ =========== Mizzima - News in Burmese
Source : http://ift.tt/2tTHj8i
via IFTTT

No comments:

Post a Comment