Tuesday, July 4, 2017

The Irrawaddy - Burmese Edition

ဘာသာရေး ဆိုင်ရာ စာပေများအား တင်/ထုတ်စနစ် ကျင့်သုံးရန် မဟန ဆုံးဖြတ် ဘာသာရေးဆိုင်ရာ စာပေများ ရေးသား ထုတ်ဝေရာတွင် စိစစ်ရေးအဖွဲ့သို့ တင်ပြပြီးမှသာ ထုတ်ဝေခွင့်ပြုသည့် စနစ်ကို ကျင့်သုံးရန် နိုင်ငံတော် သံဃ မဟာနာယက(မဟန) အဖွဲ့က ဇူလိုင် ၃ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေတွင် ပြုလုပ်သည့် ၄၇ ပါးစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။ စာပေလွတ်လပ်ခွင့်အရ ဘာသာရေးဆိုင်ရာ စာပေများ ရေးသားထုတ်ဝေရာတွင် ဗုဒ္ဓစာပေများအား အခြား စာပေများနှင့် ရောနှောဖော်ပြခြင်း၊ မှန်ကန်သည့် အနက်အဓိပ္ပာယ်ကို သိရှိခြင်းမရှိဘဲ ရေးသား ထုတ်ဝေမှုများကြောင့် ထေရဝါဒ အနှစ် သာရကို ပျက်စီးစေနိုင်သည့်အတွက် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း မဟန ရုံးလုပ်ငန်း အဖွဲ့ညွန်ကြားရေးမှူး ဦးထွန်းညွန့် ကပြောသည်။ ဦးထွန်းညွန့်က “စာပေဆိုင်ရာ လွတ်လပ်ခွင့်ကို ချုပ်နှောင်တာမဟုတ်ဘူး၊ အနှစ်သာရရှိတဲ့ ဗုဒ္ဓစာပေရဲ့ တန်ဖိုး ပျောက် သွားမှာ စိုးတာရယ်၊ မှားယွင်းတဲ့ အယူအဆတွေ ထည့်ပြီးတော့ ဗုဒ္ဓစာပေတွေထဲ ဝင်ခြင်းအားဖြင့် ဓမ္မန္တရာယ် ရှိလာနိုင်တဲ့ အတွက်ပါ”ဟု ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုးကွယ်ရာ ဘာသာများ၏ တည်ရှိမှုကို အသိအမှတ်ပြုထားသည့် အလျောက် ဘာသာရေး စာပေများ ရေးသားထုတ်ဝေမှုအပေါ် သက်ဆိုင်သည့် ဘာသာရေး တာဝန်ရှိသူများက တည်းဖြတ်ရမည်ဖြစ်ပြီး ဝင်ရောက်စွက်ဖက်စရာ မရှိ ကြောင်း ဦးထွန်းညွန့်က ပြောသည်။ ယခုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အကောင်အထည် ဖော်ဆောင်ရွက်ရန် သာသနာရေး ဝန်ကြီးဌာန အနေဖြင့် ရှေ့နေချုပ် ရုံး၊ ပြန်ကြားရေးဝန်ကြီး ဌာန စသည့် သက်ဆိုင်ရာ ဆက်စပ်သည့် ဝန်ကြီးဌာနများနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင်ကပင် ဘာသာရေးဆိုင်ရာ စာပေများ စိစစ်သည့်အဖွဲ့ကို ဝန်ကြီးဌာနတွင် ဖွဲ့စည်း ကာ လုပ်ဆောင်ခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဒီမိုကရေစီနှင့် စာပေလွတ်လပ်ခွင့်တို့အရ သာဘာရေး ဆိုင်ရာ စာပေများကိုပါ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် စာအုပ်စာပေများ ရေးသားထုတ်ဝေမှုကို ထုတ်ဝေပြီးမှသာ စိစစ်ရေး ဌာနသို့ တင်ပြရသည့်စနစ်ကို ကျင့်သုံးလျက်ရှိသည်။
Source : https://goo.gl/uxq4PX
via IFTTT

No comments:

Post a Comment