တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ် စတင်ထုတ်ပေး ရန်ကုန်၊ ဇူလိုင် ၁၀ ယခု ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် အောင်လက်မှတ်များကို ယနေ့(ဇူလိုင် ၁၀ ရက်)တွင် ရန်ကုန်မြို့နှင့် နေပြည်တော်တို့၌ စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်မှ သိရသည်။ ‘‘ဒီနေ့ စထုတ်ပေးတာပါ။ ရန်ကုန်တိုင်းအတွင်းကဆိုရင် ကိုယ်စားထုတ်ယူလို့မရဘူး။ နယ်က အောင်တဲ့သူပဲ ရမယ်”ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အောင်လက်မှတ် ထုတ်ယူရာတွင် တံဆိပ်ခေါင်းဖိုး ငွေကျပ် ၆၀၀ ပေးသွင်းရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူကိုယ်တိုင် ထုတ်ယူလျှင် ၆ လအတွင်း ရိုက်ကူးထားသည့် ပတ်ပို့စ်ဓာတ်ပုံ နှစ်ပုံ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားမူရင်း၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ မိဘအမည်နှင့် နေရပ်လိပ်စာတို့ လိုအပ်မည်ဖြစ်သည်။ ယခင်နှစ်များက အောင်မြင်ခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ထုတ်ယူလိုလျှင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လသာ) တွင် ထုတ်ယူရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ၏ အောင်လက်မှတ်များကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) ရှိ ဇွဲကပင်ဆောင်နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည်တော်၊ ရုံးအမှတ် - ၅၂) တို့တွင် ထုတ်ယူရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၁၆၁၈၈) ဦး ဝင်ရောက် ဖြေဆိုခဲ့သည့်အနက် (၂၄၂၇၃၆) ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက် ရာခိုင်နှုန်း (၃၃.၈၉) ရှိခဲ့သည်။
Source : https://goo.gl/wmFG1F
via IFTTT
No comments:
Post a Comment