Monday, July 10, 2017

The Voice

YBS တံဆိပ်တပ်ယာဉ် အားလုံး ယနေ့ ငွေပုံးတပ်ဆင်ရမည် ရန်ကုန်၊ ဇူလိုင် ၉ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS တံဆိပ်တပ် ယာဉ်လိုင်း ၈၀ ကျော်ရှိ ယာဉ်များ အားလုံး ဇူလိုင်လ ၁၀ ရက်မှစပြီး ခရီးသည်ကိုယ်တိုင် ယာဉ်စီးခ ထည့်ရမည့် ငွေပုံးစနစ် စတင် တပ်ဆင်ရမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။ “တိုင်းအစိုးရကို ဘယ်လိုင်းက ဘယ်နှစီးကို တပ်ဆင်မယ်ဆိုတာ စာရင်း တင်ပေးရမယ်။ စနစ်ကို ပြောင်းလိုက်တဲ့သဘောပါ။ စပယ်ယာကို ငွေမကောက်ခိုင်းတော့ဘူး”ဟု ဇူလိုင်လ ၈ ရက်က YBS ယာဉ် တိုက်မှုနှင့်ပတ်သက်၍ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် YBS ယာဉ်လိုင်းတာဝန်ခံ ဦးတရုတ်လေးက ဆိုသည်။ လက်ရှိ YBS ယာဉ်လိုင်းတွင် ပါဝင် လုပ်ကိုင်နေသည့် စပယ်ယာ လုပ်သားများကို ထုတ်ပယ်လိုက်ခြင်းမျိုး မဟုတ်ဘဲ ယာဉ်အကူအဖြစ် ယာဉ်ပေါ်တွင် ဆက်လက် လုပ်ကိုင်ခွင့် ရှိမည်ဖြစ်ကာ ယာဉ်ပေါ်တွင် အကြွေလဲပေးခြင်း၊ ရောက်ရှိမည့်မှတ်တိုင်များ အသိပေး ပြောဆိုခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “ဝန်ကြီးက ငွေပုံးတွေ တပ်ဆင်ရမယ်ပဲ ပြောပါတယ်။ ယာဉ်နောက်လိုက်တွေကို ထုတ်ပယ်မယ်လို့ မပြောပါဘူး”ဟု ၎င်းက ဆိုသည်။ ပြေးဆွဲနေသော ယာဉ်များတွင် အဲကွန်းကား မဟုတ်သော ယာဉ်များ ရှိနေသေးသော်လည်း အဆိုပါ ငွေပုံးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး လုပ်အားခ အနေနှင့် အညီအမျှ ခွဲဝေသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ခံများက ပြောကြားသည်။ “အခုပြေးနေတဲ့ ယာဉ်လိုင်း ၂၀ ကျော်ကိုလည်း ငွေပုံးစနစ်နဲ့ပဲ သွားမှာပါ။ ဒီစနစ်က တကယ် လုပ်သင့်တဲ့စနစ်ပါ။ မြို့တော်ဝန်နဲ့ ဝန်ကြီးနဲ့ မနေ့က တွေ့ပြီး မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါပြီ”ဟု ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ့ဏွှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။ ခရီးသည်အသေအပျောက် အများဆုံးဖြစ်ခဲ့သော ဇူလိုင်လ ၇ ရက်က YBS ၃၇ နှင့် ၅၅ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုအပြီး တိုင်းအစိုးရအဖွဲ့က ယခုကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်ခြင်းဖြစ်သည်။ ညွန်ကြားချက်ကို လိုက်နာခြင်းမရှိသော ယာဉ်ပိုင်ရှင်များ၊ ယာဉ်လိုင်း တာဝန်ခံများကို ထုတ်ပယ်ပြီး ကုမ္ပဏီယာဉ်သစ်များနှင့် အစားထိုး ပြေးဆွဲမည်ဖြစ်ကြောင်း၊ ပိုမို ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး ဖြစ်ပေါ်လာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။
Source : https://goo.gl/kERLXt
via IFTTT

No comments:

Post a Comment