ကရင်ပြည်နယ် မဘသ ဥက္ကဋ္ဌ ဆရာတော်နှင့် တွေ့ဆုံခြင်း မြန်မာနိုင်ငံအတွင်း စိုက်ထူထားသော မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ အပြီးဖြုတ်သိမ်းရန် မေလ ၂၃ ရက်၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က ထုတ်ပြန်ခဲ့သည်။ သို့သော် ကရင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတွင် မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းမည် မဟုတ်ကြောင်း သက်ဆိုင်ရာ မဘသအဖွဲ့များက ထုတ်ပြန်ခဲ့သည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန် ကရင်ပြည်နယ် မဘသဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကဝိဓဇ (ဇွဲကပင် ဆရာတော်ကြီး) ကို The Voice သတင်းစာက တွေ့ဆုံမေးမြန်း ဖော်ပြ အပ်ပါသည်။ Voice : ဇူလိုင်လ ၁၅ ရက်နေ့မှာ မဘသ ဆိုင်းဘုတ်တွေကိုဖြုတ်ဖို့နဲ့ မဖြုတ်ရင် အာဏာစက်နဲ့ ဖြေရှင်းမယ်လို့ ကြေညာထားပါတယ်။ အခု ကရင်ပြည်နယ် အခြေအနေ သိပါရစေဘုရား။ ဆရာတော် : ဒီနေ့ အစည်းအဝေးရှိတယ်။ မဟနက မဘသကြောင့် သံဃာတွေ သင်းကွဲတယ်ဆိုပြီး ပြောတယ်။ ကရင်ပြည်နယ်မှာ သံဃာ အချင်းချင်း သင်းကွဲမှု လုံးဝ မရှိဘူး။ ကရင်ပြည်နယ်မှာက စုစည်းညီညွတ်စွာ မဘသ ရှိတယ်၊ မဟန ရှိတယ်။ လုပ်စရာရှိရင် အတူသွား အတူလုပ် အတူစားကြတယ်။ ဘာပဲလုပ်လုပ် မဟနနဲ့ မဘသ အတူတွဲလုပ်ကြတယ်။ အခြား ပြည်နယ်တွေမှာလည်း ဒီလိုပါပဲ။ စည်းလုံးညီညွတ်စွာ လုပ်နေကြတယ်။ မဟနလိုတာ။ မဟန အများကြီး လိုတာပါ။ မဟန လုပ်လို့ ဒီလိုဖြစ်ရတာ။ အဓိဋ္ဌာန်ဝင်ရင်း စဉ်းစားတယ်။ မဟနလုပ်တဲ့ လုပ်ထုံးလုပ်နည်းက တစ်ပြည်လုံး စိတ်ဆင်းရဲရအောင် လုပ်တာ။ ကိုယ့်အချင်းချင်းပဲ ပြန်စည်းရုံးရင် ပိုမကောင်းဘူးလား။ သူတို့တွေက ကြေညာတော့ ပိုဆိုးမနေဘူးလား။ မဟနနဲ့ မဘသ ပြန်ညှိလိုက် ပြည်သူတွေ စိတ်ချမ်းသာဖို့ပါ။ အခုက သူတို့လုပ်တာတွေက ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်အောင် လုပ်နေတာ။ မဘသ ဆိုင်းဘုတ်ကို ကရင်ပြည်နယ်မှာ လာဖြုတ်ခိုင်းတယ်။ တင်းထားတယ် မဖြုတ်ဘူး။ ဘယ်သူဖြုတ်ချင်းလည်း လာဖြုတ်။ ဖြုတ်တဲ့နေ့ ပြဿနာ ဖြစ်တဲ့နေ့ပဲ။ ပြဿနာဖြစ်ရင် ဘယ်သူလဲ မဟနကြောင့် ဖြစ်တာ။ သူတို့ အမိန့်ကျလို့ ဒီကလုပ်တာလေ။ ဒီပြဿနာက ဘယ်ကလာလဲ မဟနကလာတာ။ ကရင်ပြည်နယ်တို့ ဆရာတော်တို့က အေးအေးဆေးဆေးနေတာ။ ဘယ်သူ့ကိုမှ စော်ကားတာလည်း မလုပ်ဘူး။ သူတို့က ဆိုင်းဘုတ်တွေ ဖြုတ်ရမယ်ဆိုတော့ ဆရာတော်တို့ ဘယ်ခံနိုင်မှာလဲ။ ဆိုင်းဘုတ်က လူကိုဘာမှ မလုပ်ဘူး။ Voice : မဘသကြောင့် သံဃာတွေ သင်းကွဲတယ် ဆိုတဲ့အပေါ် ဘာများ မိန့်ကြားလိုပါသလဲ။ ဆရာတော် : ဆရာတော်တို့က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ပဲ။ ကြေညာထားတယ်။ ဆရာတော်တို့ မဘသအဖွဲ့ကို မတရားအဖွဲ့လို့ ပြောတယ်လေ။ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်စိန်လွင်တို့ လက်ထက်က သူတို့ကို အသိအမှတ်ပြုတယ်။ ဆရာတော်တို့ မဘသကို သမ္မတ(ဟောင်း)ဦးသိန်းစိန်က အသိအမှတ်ပြုခဲ့တာ။ အဲဒါ တရားမဝင်ဘူးလား။ သူတို့က အပေါ်ကနေ အနိုင်ကျင့်ပြီးတော့ ဒီလိုပြောတာက ဒါလုံးဝမကောင်းဘူး။ Voice : မဘသ ဆိုင်းဘုတ်တွေ မဖြုတ်ခဲ့ရင် အာဏာစက် သုံးတာမျိုးအထိ လုပ်မယ်လို့ တရားဝင် ထုတ်ပြန်ထားတယ်ဘုရား။ ဆရာတော် : ပြည်ထဲရေးက သူတို့ထက် နားလည်တယ်။ ပြည်ထဲရေးကို သူတို့က တာဝန်ချပေးသော်လည်း ပြည်ထဲရေးက ဘာမှလုပ်မှာ မဟုတ်ပါဘူး။ လာလုပ်ရင်လည်း ဘာဖြစ်မယ်ဆိုတာ ဆရာတော်တို့ ကရင်ပြည်နယ်မှာက သိတဲ့အတိုင်းပါ။ Voice : ဆရာတော်ကြီးအနေနဲ့ ကရင်ပြည်နယ်မှာရှိတဲ့ မဘသ ဆိုင်းဘုတ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခအပေါ် မဟန ဆရာတော်ကြီးများထံ ဘာလျှောက်ထားချင်လဲဘုရား။ ဆရာတော် : ပဋိပက္ခ မဖြစ်စေချင်ရင် ဘာမှမလုပ်ကြပါနဲ့။ သူတို့မလုပ်ရင် ဆရာတော်တို့ ဘာမှမလုပ်ပါဘူး။ လုပ်တဲ့နေ့က ပြဿနာ ဖြစ်တဲ့နေ့ပါ။ မဘသကို မထိပါနဲ့။ မဘသက တိုင်းပြည်အတွက် လုပ်နေကြတာပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံး လုပ်နေတာပါ။ ရေဘေး၊ လေဘေး ဘယ်သူတွေသွားလဲ။ ကရင်ပြည်နယ်မှာ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နေတာ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပါပြီ။ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးဖို့ နိုင်ငံတော်ကို တောင်းဆိုခဲ့တာ မဘသပါ။ နိုင်ငံတော်သမ္မတ(ဟောင်း) ကြီး ကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့တာပါ။ ဆရာတော်တို့ မဘသက အဲဒါဆိုရင် တရားမဝင်ဘူးလား။ တရားမဝင်တဲ့အဖွဲ့လို့ သူတို့က ကြေညာတယ်။ တကယ်တော့ ကျောင်းသားကြီးက ကျောင်းသားငယ်ကို အနိုင်ကျင့်နေတာပါ။ သူတို့က မဟနက ကြာပြီဆိုတော့ မဘသကို အနိုင်ကျင့်တာ။ မြန်မာနိုင်ငံမှာ ရေဘေးကို ဘယ်သူသွားလဲ၊ ဆရာတော် အသက် ခုနစ်ဆယ်ကျော်နေပြီ။ ရှစ်ဆယ် ပြည့်တော့မယ်။ ကိုယ်တိုင် သွားခဲ့တာ။ ပညာရေး၊ ကျန်းမာရေးတွေမှာ မဘသက ကူညီဆောင်ရွက်နေတာ။ ဒါကို သူတို့က တရားမဝင်ပါဘူးလို့ပြောတော့ ဆရာတော်က တော်တော် မကျေနပ်ဘူး။ Voice : မဘသ ဆိုင်းဘုတ်တွေအပေါ် ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာဖို့ ဘယ်လို ဆောင်ရွက်သင့်လဲဘုရား။ ဆရာတော် : တစ်နိုင်ငံလုံး အေးအေးချမ်းချမ်းနဲ့ ဖြစ်ဖို့ဆိုရင် မဘသနဲ့ မဟန ပြန်လည် ဆွေးနွေးကြပါ။ ပြန်ဆွေးနွေးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အဖြေပေါ်လာတဲ့အခါ တစ်နိုင်ငံလုံး စိတ်ချမ်းသာသွားမှာ။ အခုက တစ်နိုင်ငံလုံး စိတ်မချမ်းသာဘူး။ ဆရာတော် ဖြစ်စေချင်တာက ပြီးတာတွေ ထားလိုက်ပြီးတော့ နောက် အကောင်းဆုံးဖြစ်အောင် တိုင်းပြည်အတွက် လုပ်ကြမယ်။ အကောင်းဆုံးဖြစ်ရင် လက်ခံမယ်။ အကောင်းဆုံး လိုက်လုပ်ပေးမယ်။ Voice : ကရင်ပြည်နယ်မှာရှိတဲ့ မဘသ ဆိုင်းဘုတ်တွေကို ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကာကွယ်သွားမယ်လို့ ပြောဆိုနေကြတယ်။ ဆရာတော်ကြီး အနေနဲ့ ဘာမိန့်မှာချင်လဲဘုရား။ ဆရာတော် : ဒါက သူတို့လုပ်ရင် ပေါ်လာမှာပါ။ ကရင်ပြည်နယ်ကတော့ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ပေါ်ပေါက်လာခဲ့တာက အမျိုး ဘာသာ သာသနာအတွက် ဖြစ်တယ်။ အမျိုး ဘာသာ သာသနာထိရင် သူတို့လည်း မခံဘူးလေ။ Voice : ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေက မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့ လာရောက် လျှောက်ထားတယ်လို့ သိရတယ်။ အခြေအနေကို သိပါရစေဘုရား။ ဆရာတော် : သူတို့ကိုယ်တိုင် ဆရာတော်ထံ မလာဘူး။ ဆရာတော့် ဒါယကာတွေကို လွှတ်ပြီး ပြောခိုင်းတာ။ ဘာလဲဆိုတော့ ဆိုင်းဘုတ်ဖြုတ်ပေးပါ။ ဆရာတော်က ပြန်ပြောလိုက်တယ်။ ဆိုင်းဘုတ်ဖြုတ်တဲ့နေ့က တိုင်းပြည် ပျက်တဲ့နေ့လို့ မင်းတို့ မှတ်လိုက်ပါ။ ဒီက အမြတ်တနိုး ထားတဲ့ဟာကို သူတို့က လာဖျက်မယ်ဆိုတော့ မခံဘူးလေ။ အေးအေးဆေးဆေး နေချင်ရင် ဘာမှ မလုပ်နဲ့လေ။ သဘောက ဒီကြားထဲမှာ ငြိမ်းချမ်းရေး လိုတယ်။ မဘသနဲ့ မဟန ဆွေးနွေးရင် ပြီးသွားမှာပါ။
Source : https://goo.gl/1jYWmA
via IFTTT
No comments:
Post a Comment