ကျောက်မီးသွေးစက်ရုံနှင့် ပက်သက်၍ ပြောဆိုနေသော သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ ဘာမှမသိဟု ဖဒိုမန်းငြိမ်းမောင် ဝေဖန် ဂျပန်နိုင်ငံတိုကျိုတွင် ကျောက်မီးသွေးစက်ရုံ ၂၈ ရုံရှိပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခုပြောဆိုနေသော သဘာဝပတ်ဝန်းကျင်ပညာရှင်များ ဘာမှမသိကြောင်း KNU မှ ဖဒိုမန်းငြိမ်းမောင်က ဇူလိုင် ၄ ရက်နေ့တွင် ပြောသည်။ “ကျောက်မီးသွေး ရှေးအစဉ်အဆက်က မီးခိုးတလူလူနဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ လူတွေရဲ့ ကျန်းမာရေး ဆိုးကျိုးရှိတယ်ဆိုတာမှန်တယ်။ အခုလုပ်မယ့်ဟာက ပြုပြင်ထားတာဖြစ်တဲ့အတွက် မီးခိုးတွေ အဲ့လောက် မထွက်ဘူး။ တိုကျိုမှာဆို ကျောက်မီးသွေး စက်ရုံ ၂၈ ရုံရှိတယ်။ ကျွန်တော်တို့ KNU ဒုဥက္ကဋ္ဌနဲ့ ရပ်ရွာကလူတွေ အပါအဝင် လူ ၂၀ လောက်သွားပြီး လေ့လာပြီးပြီ။ အခုလုပ်မယ့်ဟာက ခေတ်မီပြီး ဘေးထွက်ဆိုးကျိုး နည်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဂျပန်ကို သွားလေ့လာပြီးပြီ။ သဘာဝပတ်ဝန်းကျင်ပညာ ရှင်တွေက ဘာမှမသိဘဲ ပြောနေကြတယ်”ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။ ပြီးခဲ့သည့်လအတွင်းမှာပင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မဂ္ဂါဝပ် ၆၄၀ USC Ultra Supercritical နည်းပညာဖြင့် ကျောက်မီးသွေးလျှပ်စစ်ထုတ်စက်ရုံနှစ်လုံးကို ကရင်ပြည်နယ်ဝပ်ကြီးဒေသတွင် ဂျပန် TTCL Toyo Thai ကုမ္ပဏီနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ အဆိုပါ ဘားအံမြို့အထက်ပိုင်း သံလွင်မြစ်ကမ်းဝပ်ကြီးဒေ သမှာ KNU နှင့် အစိုးရတပ်တို့ တစ်ပိုင်းစီ ထိန်းချုပ်ရာဒေသလည်း ဖြစ်သည်။ “ကျွန်တော်တို့က ပဋိပက္ခတွေ တည်ငြိမ်သွားပြီဆိုတော့ လမ်းတွေဖောက်မယ်။ လျှပ်စစ်တွေထုတ်မယ်။ ပြည်သူတွေဘ၀ ကောင်းမွန်ဖို့ သူတို့ဘဝတွေကို မြှင့်တင်ပေးရမယ်။ ကျွန်တော်တို့ လူမျိုးစုပတ်ဝန်းကျင် ထိခိုက်မယ့် ပျက်စီးမယ့်အရာကို ကျွန်တော်တို့က လုပ်မလား။ ကျွန်တော်တို့ ဆင်ခြင်တုံတရား ဒီလောက်တော့ မနိမ့်ပါဘူး။ ကျွန်တော်တို့ သေချာလေ့လာပြီးပါပြီ”ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။ KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်ပြီး ကရင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့်အဖွဲ့လည်းဖြစ်ကြောင်း သိရသည်။ မင်းသီဟန် http://ift.tt/2vpwJTt
Source : http://ift.tt/2vpwJTt
via IFTTT
No comments:
Post a Comment