ယာဉ်ပြေးဆွဲခြင်း မရှိသော ယာဉ်လုပ်သားကို အရေးယူမည် ရန်ကုန်၊ ဇူလိုင် ၂၂ ရွှေပြည်သာမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသော YBS ၄၀ သည် ဇူလိုင်လ ၂၀ ရက်မှစပြီး YRTA ၏ စည်းကမ်းချက်များကို မကျေနပ်ဘဲ ဆန္ဒပြသည့်အနေဖြင့် ယာဉ်စီးရေအချို့ ရပ်နားခဲ့သည့်အတွက် ပြေးဆွဲခြင်း မရှိသော ယာဉ်လုပ်သားကို အရေးယူမည် ဖြစ်ကြောင်း ရွှေလမ်းခင်း ကုမ္ပဏီထံမှ သိရသည်။ “ပိုင်ရှင်တွေက ထွက်ခိုင်းပါတယ်။ ယာဉ်လုပ်သားက မထွက်တာ။ ခရီးသည် နစ်နာမှုရှိတဲ့အတွက် သူတို့ကို ကုမ္ပဏီ စည်းကမ်းအတိုင်း အရေးယူဖို့ လုပ်နေပြီ” ဟု ရွှေလမ်းခင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါယာဉ်လိုင်းသည် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီနှင့် ရွှေလမ်းခင်း ကုမ္ပဏီတို့ ပူးပေါင်းပြေးဆွဲသည့်ယာဉ်လိုင်း ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်က ယာဉ်စီးရေ ၇၇ စီးခန့်တွင် ၁၈ စီးသာ ထွက်ခဲ့သည်။ “၂၀ ရက်နေ့ကပဲ မထွက်တဲ့ယာဉ် များတာပါ။ ဒီနေ့ ပြန်ထွက်နေပါပြီ။ တချို့တော့ မထွက်သေးပါဘူး။ နောက်ပိုင်း ပုံမှန်အတိုင်း ပြန်ထွက်အောင် ဆောင်ရွက်နေတယ်” ဟု ရွှေလမ်းခင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယာဉ်လုပ်သားများ အလုပ်အကိုင် အခက်အခဲ မရှိစေရန် ကုမ္ပဏီဘက်က ဆောင်ရွက်ပေးရန် လိုအပ်ပြီး ယာဉ်တစ်စီးလျှင် ယာဉ်အကူ တစ်ယောက်ခန့် ထားရှိပေးစေကြောင်း YBS ၄၀ ယာဉ်အကူတစ်ဦးက ပြောကြားသည်။ “တချို့ကုမ္ပဏီက တစ်ရက် ၆၀၀၀ နဲ့ ဝန်ထမ်းပြန်ခန့်တယ်လို့ အကြားပဲ ရှိတယ်။ အတိအလင်း အသိပေးတာ မရှိသေးဘူး။ ဒီနေ့လည်း တိကျတဲ့အဖြေ မသိရမချင်း ယာဉ်မထွက်ဘူး” ဟု YBS ၄၀ ယာဉ်မောင်း ဦးဉာဏ်လင်းအောင်က ဆိုသည်။ ဇူလိုင်လ ၂၀ ရက်က ယာဉ်လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ဆန္ဒဖော်ထုတ်ခဲ့ပြီး လူအင်အား ၃၇၀ ခန့်အနက် ယာဉ်အကူ ၃၀၀၊ ယာဉ်မောင်း ၇၀ ခန့် ပါဝင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူ ယာဉ်လုပ်သားများထံမှ သိရသည်။ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT လက်အောက်ရှိ YBS ၄၀ ယာဉ်များမှာ ရပ်နားခြင်း မရှိဘဲ ယနေ့အထိ ပြေးဆွဲလျက်ရှိပြီး ယာဉ်စီးရေ ၄၀ စီးကျော်ဖြင့် ခရီးသည် ပို့ဆောင်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်လွင်က ပြောကြားသည်။ အများပိုင်စနစ်တွင် ယာဉ်အကူ မသုံးဘဲ ငွေပုံးစနစ်ကိုသာ ကျင့်သုံးမည် ဖြစ်၍ ယာဉ်အကူများ တောင်းဆိုမှုကို လက်မခံကြောင်း၊ စိတ်ဓာတ်ကောင်းမွန်သော ယာဉ်အကူများ အနေနှင့် ယာဉ်စီးခများ ရေတွက်ခြင်း၊ အကြွေလဲခြင်းနှင့် သန့်ရှင်းရေးဝန်ထမ်းအဖြစ် ကုမ္ပဏီများက အလုပ်အကိုင် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ ရွှေလမ်းခင်း ကုမ္ပဏီ လက်အောက်ရှိ YBS ၄၀ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၃၅ စီးကျော်ရှိပြီး ရွှေပြည်သာ (လိပ်ကုန်း)၊ ထန်းခြောက်ပင်၊ တညင်းကုန်း၊ ၁၄ လမ်းဆုံ၊ ပြည်တော်သာ၊ ဘုရင့်နောင်လမ်းမကြီး၊ ပေါက်တောဝ၊ သီရိမင်္ဂလာဈေးသစ်၊ စံပြငါးဈေး၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံတို့ကို ပြေးဆွဲလျက်ရှိသည်။
Source : https://goo.gl/vQDCst
via IFTTT
No comments:
Post a Comment