Monday, July 24, 2017

The Voice

ဗီယက်နမ်နိုင်ငံတွင် အာကာသ နည်းပညာဌာနကြီး ဖွင့်လှစ် ဟနွိုင်၊ ဇူလိုင် ၂၃ ဗီယက်နမ်နိုင်ငံတွင် NSC (National Satllite Center) စခန်းတစ်ခုကို အာကာသနှင့် ဒုံးပျံလွှတ်တင်ရေးကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး၊ မကြာမီ နိုင်ငံတော် အာကာသစခန်း VSC (Vietnam Space Center) အဖြစ် အမည်ပြောင်းလဲကာ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Vietnam.net သတင်းတွင် ဖော်ပြထားသည်။ စစ်ပြာပုံအတွင်းမှ ရုန်းထွက်လာခဲ့ရသည့် ဗီယက်နမ်နိုင်ငံသည် ယခုအခါ နည်းပညာ လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများအတွင်း ထိပ်တန်းနိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ယင်းသတင်းက ဆိုသည်။ ဗီယက်နမ်နိုင်ငံသည် အာကာသ သိပ္ပံစခန်းများကို မြို့ကြီးနှစ်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး လူသားရင်းမြစ် ဖွံ့ဖြိုးရေးနှင့် အာကာသ နည်းပညာဌာနများကို ပူးတွဲတည်ဆောက်သွားမည် ဖြစ်သည်။ Vietnam Space Center ကို Hoa Lac Hi-tech Park တွင် တည်ဆောက်လျက်ရှိပြီး မကြာမီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း Vietnam.net တွင် ရေးသားထားသည်။ ဗီယက်နမ်နိုင်ငံတောင်ပိုင်း Nha Trang မြို့တွင် အာကာသ လေ့လာစူးစမ်းရေးစခန်း တစ်ခုကို တည်ဆောက်ထားပြီး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ လာမည့် ၂၀၁၈ ခုနှစ်တွင် 50 × 50 × 50 cm အရွယ်အစားရှိသည့် Micro Dragon ဒုံးပျံကို အာကာသအတွင်း စေလွှတ်ရန် ဗီယက်နမ်တို့က ပြင်ဆင်ကြိုးပမ်းလျက် ရှိသည်။ ဗီယက်နမ်နိုင်ငံသည် ပထမဆုံးဂြိုဟ်တု ဖြစ်သည့် Pico Dragon ကို ၂၀၁၃ ခုနှစ် ကတည်းက ဂျပန်နိုင်ငံက တစ်ဆင့် လွှတ်တင်ခဲ့ပြီး အာကာသ စူးစမ်းမှုများကို လုပ်ဆောင်နေကြောင်း Vietnam Times သတင်းတွင် ဖော်ပြထားသည်။ Nano Dragon ဂြိုဟ်တုစနစ်ကို ၂၀၁၇ မှ ၂၀၁၉ အတွင်း အပြီးသတ် လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိပြီး၊ ယင်းဂြိုဟ်တုသည် ပင်လယ်ရေကြောင်းအတွင်း သွားလာလျက်ရှိသော သင်္ဘောများ၏ တည်နေရာကို ထောက်လှမ်းပေးနိုင်မည့် AIS (automatic identification system) ကို အထောက်အကူပြုမည်ဟု NSC အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
Source : https://goo.gl/4ABteV
via IFTTT

No comments:

Post a Comment