Monday, July 24, 2017

The Voice

ပညာရေးတက္ကသိုလ် တက်ရောက်မည့်သူများ ပညာသင်ဆု လျှောက်ထားနိုင်မည် ရန်ကုန်၊ ဇူလိုင် ၂၃ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ယခု ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပညာရေးတက္ကသိုလ် တက်ရောက်ရန် အခက်အခဲ ဖြစ်နေသူများ Unique Quality ဖောင်ဒေးရှင်း ပညာသင်ဆုကို စက်တင်ဘာလ ၃၀ ရက် နောက်ဆုံး လျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆုအတွက် ကျောင်းသား၊ ကျောင်းသူ ၆ ဦး ထောက်ပံ့ပေးမည်ဖြစ်ပြီး အခြားတက္ကသိုလ် တက်ရောက်မည့်သူများ အကျုံးမဝင်ဘဲ ပညာရေး တက္ကသိုလ်ဖြစ်သည့် ရန်ကုန်နှင့်စစ်ကိုင်း မည်သည့်နေရာတွင် တက်ရောက်မည့် ကျောင်းသားမဆို လျှောက်ထားနိုင်မည်ဖြစ်သည်။ “ကျွန်မတို့က တိုင်းပြည်ရဲ့ အနာဂတ်မှာ ဆရာ၊ ဆရာမများ ဖြစ်လာမယ့် ငွေကြယ်ပွင့်တွေကို မျှော်မှန်းတာပါ”ဟု ယင်းဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပညာသင် ထောက်ပံ့စရိတ်အဖြစ် တစ်ဦးလျှင် တက်ရောက်သည့် ပညာသင်နှစ်အလိုက် လစဉ် အနည်းဆုံး ငွေကျပ် ခြောက်သောင်းမှစ၍ ဘွဲ့ရရှိသည်အထိ ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်နှစ်တစ်တန်း အောင်မြင်ရန်နှင့် စာမေးပွဲကျခြင်း၊ ကျောင်းခေါ်ချိန် မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့် မရရှိခြင်းတို့ ဖြစ်ပေါ်ပါက နောက်နှစ်တွင် ထောက်ပံ့ကြေး ရပ်ဆိုင်းမည်ဖြစ်သည်။ လျှောက်ထားသူများသည် တက္ကသိုလ်တက်ရန် အမှန်တကယ် အခက်အခဲရှိကြောင်း ကိုယ်တိုင်ရေးသားလျှောက်လွှာ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ် မိတ္တူ၊ ငွေကြေး အခက်အခဲ ရှိပါကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာနှင့် အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ ထောက်ပံ့မှု ရယူထားခြင်းမရှိကြောင်း ဝန်ခံချက်များကို ပေးသွင်းရမည်ဖြစ်သည်။ Unique Quality ပညာရေး ဖောင်ဒေးရှင်းကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ပညာသင်ဆု ပေးနေကြောင်း၊ လျှောက်ထားလိုသူများ အနေနှင့် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနှင့် လှည်းတန်းလမ်းထောင့် အမှတ်(၁၇/၁၉)သို့ လျှောက်ထားရမည်ဖြစ်သည်။ အသေးစိတ် အချက်များကို ဖုန်း ၀၉-၅၁၅၄၉၅၀၊ ၀၉-၂၅၀၉၄၆၄၈၄ သို့ ဆက်သွယ်နိုင်မည် ဖြစ်သည်။
Source : https://goo.gl/rhkc7G
via IFTTT

No comments:

Post a Comment