Monday, July 24, 2017

The Voice

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦး ပါတီမှ နုတ်ထွက်စာတင် မော်လမြိုင်၊ ဇူလိုင် ၂၄ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနေရာ တာဝန်ယူထားသည့် ဦးအောင်နိုင်ဦးသည် ၎င်း၏ မိခင်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP မှနုတ်ထွက်ရန် စာတင်ထားကြောင်း ပါတီခေါင်းဆောင်ထံမှ သိရသည်။ ဦးအောင်နိုင်ဦးသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ချောင်းဆုံမြို့နယ် အတွင်းရေးမှူး တာဝန်နှင့် လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူထားသည်။ အဆိုပါနုတ်ထွက်စာနှင့်ပတ်သက်ပြီး ပါတီတွင်း တစ်စုံတစ်ရာ မဆုံးဖြတ်ရသေးကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး ၁ နိုင်စံတင်က ပြောကြားသည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှပြောလို့ မရသေးဘူး။ ပါတီမှာ အစည်းအဝေး မထိုင်ရသေးလို့”ဟု ၎င်းက ဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာတွင် ၂ ကြိမ်တိုင် အနိုင်ရရှိထားသည့် ဦးအောင်နိုင်ဦးသည် မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် တစိုက်မတ်မတ် ဦးဆောင်ကြိုးပမ်း လုပ်ဆောင်လာခဲ့သူလည်း ဖြစ်သည်။ “အဓိကက မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ကြိုးပမ်းဖို့ အခုက နှစ်ပါတီပေါင်းစည်းဖို့ကလည်း ဘာမှဖြစ်မလာတော့ ဆက်အားပေးနေမယ်ဆိုရင်လည်း ဘာမှမထူးတော့ဘူး၊ အဲလိုမျိုး စိတ်ကူးနဲ့ ပါတီကနေ နုတ်ထွက်ဖို့ စာတင်ခဲ့တယ်”ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။ မွန်နှစ်ပါတီပေါင်းစည်းရေးနှင့် ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့၏ ပါတီဝင်များအကြား အမြင်သဘောထား ကွဲလွဲမှုများ ရှိနေပြီး ပါတီဝင်အချို့က ပါတီမှ နုတ်ထွက်မှု ရှိခဲ့သလို တချို့ ပါတီဝင်များကိုလည်း ပါတီမှ ထုတ်ပယ်မှု ရှိခဲ့သည်။ မကြာသေးခင်ကလည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးကို ပါတီက ထုတ်ပယ်မှုရှိခဲ့သည်။ အလားတူ မွန်အမျိုးသားပါတီ MNP တွင်လည်း ပါတီဗဟို အလုပ်အမှုဆောင် ၂ ဦးနှင့် ဗဟိုကော်မတီဝင် ၄ ဦးတို့ကို ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် ပါတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တာဝန်မှ အနားပေးလိုက်သည်ဟု မွန်အမျိုးသားပါတီမှ သိရသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် ပြည်နယ်လွှတ်တော် ၉ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၅ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိထားသည့်ပါတီ ဖြစ်သည်။
Source : https://goo.gl/XUpR9t
via IFTTT

No comments:

Post a Comment