Saturday, July 8, 2017

The Voice

မန္တလေးတိုင်းအစိုးရ ရေခွန်ကြွေးကျန် ရှစ်ဘီလီယံထိရှိ မန္တလေး၊ ဇူလိုင် ၇ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ရေခွန်ကြွေးကျန် ရရှိရန် ကျပ်ရှစ်ဘီလီယံ (ကျပ်သိန်းပေါင်းရှစ်သောင်း) ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။ “ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံး ရေပေးတော့ လယ်/ဆည်က ပေးရတယ်။ ပိုက်ဆံကောက်တော့ ထွေ/အုပ်က ကောက်တယ်။ ဒီငွေဘယ်ဝင်မှန်းလည်း မသိဘူး။ ဆည်မြောင်းကပေးတဲ့ ရေအတွက်က ထွေ/အုပ်က ဦးစီးပြီး ကောက်တာ။ အဲဒီမှာ ဝန်ကြီးချင်း မပြေလည်မှုတွေ ဖြစ်လာတဲ့အခါကျ တော့ကောက်မယ့်သူ မရှိတော့ဘူး။ အဲဒီတော့ ငါတို့ပဲ ကောက်မယ်ဆိုပြီး လယ်/ဆည်က ကောက်တဲ့အခါမှာ ဘယ်သူမှ မပေးတော့ဘူး။ မပေးတော့ ရေခွန်တွေက နစ်နာသွားတယ်” ဟု ဝန်ကြီး ဦးစိုးသန်းက ပြောဆိုသည်။ ရေခွန်ကောက်ခံရာတွင် လယ်တစ်ဧကလျှင် ကျပ်ရာဂဏန်းခန့်ဖြင့်သာ ကောက်ခံနေပြီး ယင်းကြွေးကျန်များ ရရှိစေရန်အတွက် ထွေ/အုပ်က ဦးဆောင်ကာ လယ်/ဆည်၊ ရပ်မိရပ်ဖ၊ စိုက်ပျိုးရေး ညှိနှိုင်းအဖွဲ့ စသည့် ရှစ်ဦးပါ ရေခွန်ကောက်ခံရေးအဖွဲ့ ဖွဲ့စည်းကာ မကြာမီ စတင်ကောက်ခံတော့မည်ဟု ၎င်းက ထပ်မံပြောဆိုသည်။ ယင်းကြွေးကျန်များကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရရှိရမည့် အခွန်ငွေများ နစ်နာလျက်ရှိကာ ယင်းကြွေးကျန်များကို လျော်ပစ်၍ မရကြောင်း၊ ယင်းအတွက် ကြွေးကျန်များ ကောက်ခံပြီး မရရှိလျှင် တရားစွဲဆိုမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောဆိုခဲ့သည်။ ရေခွန်ကောက်ခံသည့် ကိစ္စမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြစ်ပြီး ပြည်သူ့ဘဏ္ဍာများလည်း ဖြစ်သဖြင့် ရေခွန်ကောက်ခံခြင်းတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ကြရန် ဒေါက်တာစိုးသန်းက တိုက်တွန်းပြောဆိုသည်။
Source : https://goo.gl/LRCyFW
via IFTTT

No comments:

Post a Comment