ကလေးများ တောင်းရမ်းခိုင်းသူကို ထောင်ဒဏ် ငါးနှစ်နှင့် ဒဏ်ငွေ ၁၅ သိန်းအထိ ချမှတ်နိုင်ရန် စီစဉ် ရန်ကုန်၊ ဇူလိုင် ၁၇ ရန်ကုန်မြို့ အပါအဝင် နိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် ကိုယ်ကျိုးစီးပွားအတွက် ကလေးငယ်များကို တောင်းရမ်းရန် စေခိုင်းသူကို အမြင့်ဆုံးပြစ်ဒဏ် ငါးနှစ်နှင့်ဒဏ်ငွေ ခုနစ်သိန်းမှ ၁၅ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြက ပြောကြားသည်။ ကလေးသူငယ်များကို ကိုယ်ကျိုးစီးပွားအတွက် တောင်းရမ်းရန် စေခိုင်းသည့် မည်သူမဆို ဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ် ငါးနှစ် အပါအဝင် ဒဏ်ငွေ ၇ သိန်းမှ ၁၅ သိန်းကြားဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေကြမ်းကို ပြင်ဆင် ရေးဆွဲပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ကလေးငယ်ရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် ပြင်ဆင်ရေးဆွဲတာပါ။ တောင်းရမ်းစေခိုင်းသူတွေ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူသွားဖို့ ပြင်ဆင် ရေးဆွဲလိုက်တာပါ”ဟု ၎င်းက ဆိုသည်။ လက်ရှိ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၏ အခန်း ၂၇ ပုဒ်မ ၁၀ဝ အရ ပြစ်မှုနှင့် ပြစ်ဒစ်များကို အဆင့်ဆင့် တိုးမြှင့်လိုက်ပြီး အနိမ့်ဆုံး ထောင်ဒဏ် ၃ လမှ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ အနေနှင့်လည်း (ယခင်) ကျပ်ငွေ တစ်သောင်းအစား အဆပေါင်း ခုနစ်ဆယ်မှ ၁၅၀ ကြားရှိ ပြစ်ဒဏ် တစ်ရပ်ရပ်ကို ချမှတ်နိုင်ရန် အသီးသီး ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ “ကလေးတွေကို တောင်းရမ်းစေခိုင်းပြီး အသုံးချနေတဲ့သူတွေကို ပြစ်ဒဏ် တိုးမြှင့်လိုက်တာ ကောင်းတဲ့လက္ခဏာပေါ့။ အဲ့ဒီလို ပြစ်ဒဏ်တိုးမြှင့်မှ သူတို့ မလုပ်ရဲမှာ၊ ကလေးတွေလည်း သက်သာမယ်၊ ဒီဥပဒေကြမ်း အသက် ဝင်လာအောင် ပြည်သူတွေကို အသိပညာ များများပေးနိုင်ဖို့ လိုတယ်၊ အဓိက သတိထားရမှာက ရာဇသတ်ကြီး ဥပဒေမှာ ရှိနှင့်ပြီးသား ပြဋ္ဌာန်းချက်တွေနဲ့ နောင်ပြဋ္ဌာန်းတာတွေနဲ့ ဝိရောဓိ မဖြစ်ဖို့ လိုပါတယ်”ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က သုံးသပ် ပြောဆိုသည်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ယခုနှစ် ဇူလိုင်လအတွင်း၌ အများပြည်သူ သိရှိစေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာတွင် ဥပဒေအခန်းလိုက် ထည့်သွင်းဖော်ပြလျက်ရှိပြီး ဥပဒေကြမ်းကို အတည်ပြုနိုင်ရေးအတွက် ဥပဒေမူကြမ်း ကော်မတီနှင့် တွေ့ဆုံညှိနှိုင်း၍ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန(နေပြည်တော်)ထံမှ သိရသည်။ ၁၉၉၃ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ အပိုဒ် (ဂ)တွင် မိမိကိုယ်ကျိုးစီးပွားရေးအတွက် ကလေးသူငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိမိ အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ် တောင်းရမ်းစားသောက်နေသည်ကို တားမြစ်ရန် ပျက်ကွက်ခြင်း၊ မိမိက တောင်းရမ်းစားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်း စသော ကျူးလွန်သည်ဟု ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ တစ်သောင်းကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ “ရန်ကုန်မြို့လိုနေရာမှာ ကလေးတွေ လမ်းပေါ်ထွက် တောင်းရမ်းရတာ တချို့ မိဘတွေကိုယ်တိုင် ပါဝင်ပတ်သက်သလို လူတစ်စုရဲ့ ခိုင်းစေခံနေရတဲ့ သဘောမျိုးတွေ တွေ့ရတယ်။ သူတို့ကြည့်လိုက်ရင် စိုစိုပြည်ပြည် မဟုတ်ဘဲ အစာအဟာရ ချို့တဲ့နေတတ်တယ်။ ဒီဥပဒေ မြန်မြန် အတည် ဖြစ်လာဖို့ အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်းက တွန်းအားပေးစေချင်တယ်”ဟု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ (Save The Child) မှ တာဝန် ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၏ ရည်ရွယ်ချက်မှာ ကလေးသူငယ်များ အသက်ရှင်ခွင့်၊ တိုးတက် ဖွံ့ဖြိုးခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်စသော အခွင့်အရေး လေးရပ်အပေါ် မူတည်၍ ရေးဆွဲထားခြင်းဖြစ်သည်။ အဆိုပါဥပဒေအရ အသက် ၁၈ နှစ်အောက် လူငယ်များသည် ဥပဒေပါ အချက်အလက်များအတိုင်း စောင့်ရှောက်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
Source : https://goo.gl/PNtXV6
via IFTTT
No comments:
Post a Comment