မန္တလေးထောင်မှ ၁၀တန်းအောင်သူများ ရတနာပုံတက္ကသိုလ် ပညာသင်ခွင့်ရမည် မန္တလေး၊ ဇူလိုင် ၁၇ မန္တလေး ဗဟိုအကျဉ်းထောင် (ထုံးဘို) စာစစ်ဌာနမှ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အောင်မြင်ခဲ့သူများကို ရတနာပုံ တက္ကသိုလ်တွင် ပညာသင်ခွင့် ရရှိမည်ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ အောင်မြင်သူများမှာ ရတနာပုံ တက္ကသိုလ်တွင် ထုံးဘိုစာစစ်ဌာနမှ ပထမဆုံးအကြိမ် တက္ကသိုလ် ပညာသင်ကြားခွင့် ရသူများ ဖြစ်ကြောင်း၊ ဆယ်တန်း အောင်မြင်သူများအနေနှင့် အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ရမည် ဖြစ်ပြီး ရတနာပုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများက အကျဉ်းထောင်သို့ လာရောက် သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် အရာထမ်းတစ်ဦးက ပြောကြားသည်။ မန္တလေး ဗဟိုအကျဉ်းထောင်မှနေ၍ တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည့် အကျဉ်းသူ အကျဉ်းသားများကို ဇူလိုင်လ ကုန်ပိုင်းတွင် အခမ်းအနားဖြင့် ဂုဏ်ပြုပွဲ ပြုလုပ်ပေးမည် ဖြစ်ကြောင်း မန္တလေး (ဗဟို) အကျဉ်းထောင်ထံမှ သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အကျဉ်းသူ အကျဉ်းသားများ၊ စာသင်ပေးခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကူညီပေးခဲ့သူ အားလုံးကို ဂုဏ်ပြုမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဂုဏ်ပြုပွဲ ကျင်းပမည့်ရက် မသတ်မှတ်ရသေးကြောင်း၊ မန္တလေး ဗဟိုအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် အကျဉ်းထောင်များ၌ စာစစ်ဌာနလေးခု ဖွင့်လှစ်ခဲ့ရာ အင်းစိန်အကျဉ်းထောင်တွင် ဖြေဆိုသူ ၂၈ ဦးရှိပြီး တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ တစ်ဦး အပါအဝင် ခုနစ်ဦး အောင်မြင်ခဲ့ကြောင်း မန္တလေး ဗဟို အကျဉ်းထောင်တွင် ဖြေဆိုသူ ၁၁ ဦးအနက် သုံးဘာသာ ဂုဏ်ထူးရှင်တစ်ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်လေးဦး အပါအဝင် ခုနစ်ဦး အောင်မြင်ခဲ့ကြောင်း သာယာဝတီ အကျဉ်းထောင်နှင့် ဘားအံ အကျဉ်းထောင်တို့တွင် ဖြေဆိုသူတစ်ဦးစီ ရှိခဲ့သော်လည်း အောင်မြင်သူ မရှိကြောင်း အကျဉ်းဦးစီးဌာနရှိ စာရင်းများအရ သိရသည်။
Source : https://goo.gl/dhHDGp
via IFTTT
No comments:
Post a Comment