ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့်ပတ်သက်၍ (၁၄) ပါတီ အကြံပြုချက်များကို ကြိုဆိုကြောင်း သမ္မတရုံးဆို ရန်ကုန်၊ ဇူလိုင် ၈ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၏ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ (၁၄) ပါတီ၏ အကြံပြုချက်များကို ကြိုဆိုကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များ၏ ပြဿနာကို ဖြေရှင်းနိုင်ရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီမှ နိုင်ငံတော် သမ္မတထံ ဇူလိုင်လ ၆ ရက်နေ့၌ သဘောထား ထုတ်ပြန်ခဲ့သည်။ “ကြိုဆိုပါတယ်။ အစိုးရက ဘာတွေ လုပ်သင့်တယ် ထောက်ပြတယ်ဆိုတာလည်း တိုက်တွန်းတယ် ဆိုတာလည်း ကြိုဆိုပါတယ်။ အမျိုးသား လုံခြုံရေးအတွက် ပြောပြတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုတယ်”ဟု ဦးဇော်ဌေးက ပြောသည်။ အလားတူ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ အပါအဝင် လုံခြုံရေးဆိုင်ရာ ခေါင်းဆောင်များသည် ဇွန်လ ၃၀ ရက်၌ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားကြောင်း ဦးဇော်ဌေးက ဆိုသည်။ “ကျွန်တော်တို့ အစိုးရအနေနဲ့ ဒါတွေကိုမသိဘဲ လက်တွေ့ အခြေအနေမှန်တွေကို နားမလည်ပဲ လျစ်လျူရှု ဆောင်ရွက်နေတာ မဟုတ်ဘူးဆိုတာ ပြောလိုတယ်။ ပြီးခဲ့တဲ့ ၃၀ ရက်နေ့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေး လုပ်ပါတယ်။ လုံခြုံရေးဆိုင်ရာ ခေါင်းဆောင်တွေ အစိုးရ အကြီးအကဲတွေ တက်ပါတယ်။ သမ္မတဦးထင်ကျော် တက်ပါတယ်။ အစည်းအဝေးမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလေးထား၍ ဆွေးနွေးမှုတွေ လုပ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။ ၁၄ ပါတီ၏ ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်အတွင်း လိုအပ်သော ဒေသများတွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးယူ ဆောင်ရွက်ချက်များအပေါ် အစိုးရအဖွဲ့၏ တာဝန်ယူမှုများကို အာမခံပေးနိုင်ရနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၁၃ (ခ)ပါအတိုင်း နိုင်ငံတော်သမ္မတမှ စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။ ဘူးသီးတောင် မောင်တောဒေသရှိ မေယုတောင်ပေါ်တွင် ဇွန်လ ၂၀ ရက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ အသုံးပြုသော လူလုပ်လှိုင်ခေါင်းများ စားနပ်ရိက္ခာများ လူနေတဲများ အပါအဝင် အကြမ်းဖက် သင်တန်းပေးရန် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
Source : https://goo.gl/vVGG8k
via IFTTT
No comments:
Post a Comment