အာဇာနည်နေ့တွင် ရဲတပ်ဖွဲ့အင်အား ၄၀ဝ၀ ခန့် လုံခြုံရေး ယူမည် ရန်ကုန်၊ ဇူလိုင် ၈ နှစ် ၇၀ ပြည့်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မလိုလားအပ်သည့် ပြဿနာများ တစ်စုံတစ်ရာ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ဝ၀ ခန့်က လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂) လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှ ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။ “ဒီနှစ် အာဇာနည်နေ့ အခမ်းအနားမှာ နိုင်ငံတော် အဆင့် အကြီးအကဲတွေနဲ့ ရန်ကုန်မြို့နေရာတိုင်းက ပြည်သူတွေ လာရောက် ဂါရဝပြုကြမှာဆိုတော့ လုံခြုံရေးကဏ္ဍကို လုံးဝ မလစ်ဟင်းအောင် ဆောင်ရွက်သွားမှာပါ။ မနှစ်ကထက် လုံခြုံရေး အင်အား တစ်ထောင်ကျော်လောက် တိုးမြှင့်ထားတယ်”ဟု ၎င်းက ဆိုသည်။ လုံခြုံရေး ဆောင်ရွက်မှုအပိုင်းတွင် နယ်မြေခံရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မှုခင်း ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များအပြင် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပရဟိတ အသင်းအဖွဲ့များက လုံခြုံရေး လက်ပတ်များ တပ်ဆင်၍ အင်အားဖြည့်တင်းကာ ဝင်ရောက်ကူညီ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ ၁၉ ရက်တွင် ပြည်သူများအနေနှင့် အာဇာနည်ဗိမာန်သို့ လာရောက် ဂါရဝပြုမည့် နိုင်ငံတော် အကြီးအကဲများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်များ လွမ်းသူ့ပန်းခွေ ချသည့် အစီအစဉ်များ ပြီးဆုံးမှသာ ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ “ပြည်သူတွေကို ဗိမာန်ပေါ် ဂါရဝ တက်ပြုဖို့ တစ်သုတ် လူဦးရေ ၁၀ဝ နှုန်းနဲ့ အတက်အဆင်း လုပ်နိုင်အောင် စီစဉ်ထားတယ်။ မနှစ်ကဆို အဆင်းအပေါက် လှေကားက ကျပ်လွန်းတော့ တချို့ မူးလဲကျတာတွေ ရှိခဲ့တယ်။ အခု အဆင်း လှေကားတွေကို တစ်ဖက်က ၈ ပေနဲ့ တစ်ဖက်က ၁၅ ပေအထိ တိုးချဲ့ထား ဆောင်ရွက်ထားပါတယ်”ဟု ၎င်းက ဆိုသည်။ နံနက်ပိုင်းတွင် ကနဦး ရောက်ရှိလာမည့် ပြည်သူများ အဆင်ပြေစေရန် LED စက်နှစ်လုံး တပ်ဆင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းနှင့် အနောက် ရွှေဂုံတိုင်လမ်းတွင် တစ်လုံး တပ်ဆင်၍ ကျန်တစ်လုံးကို အနောက် ရွှေဂုံတိုင်လမ်းနှင့် ရွှေဂုံတိုင် (၁)လမ်းဆုံတို့တွင် အခမ်းအနား အစီအစဉ်များကို ရိုက်ကူးပြသမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ၂၀၁၆ ခုနှစ်က ကျရောက်သော ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် နိုင်ငံတော် အကြီးအကဲအဆင့်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက် ဂါရဝပြုခဲ့ပြီး ပြည်သူလူထု နှစ်သိန်းကျော်အထိ တက်ရောက်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/RTkoEo
via IFTTT
No comments:
Post a Comment