Tuesday, September 26, 2017


ARSA ခေါင်းဆောင် အတာအူလာ ဘယ်သူလဲ ရခိုင်ပြည်မြောက်ပိုင်းမှ မွတ်ဆလင်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူ ဒုက္ခသည်မြောက်မြားစွာကို နေရပ်စွန့်ခွာ ထွက်ပြေးစေပြီး နိုင်ငံတကာ၏ အာရုံစိုက် စိတ်ဝင်တစားဖြစ်လာစေခဲ့သော အရေးအခင်းကို မီးမွှေးပေးခဲ့သည့် ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၏ ခေါင်းဆောင် အတာအူလာ Ata Ullah သည် ဆော်ဒီအာရေးဗီးယားမှ ပြည့်စုံချမ်းသာသော ဘဝတခုကို စွန့်ခဲ့သော ရဲဝံ့သည့် တိုက်ခိုက်ရေးသမားတယောက် ဖြစ်သည်ဟု သူ၏နောက်လိုက်များက မြင်ကြောင်း AFP သတင်းတပုဒ်က ရေးသားထားသည်။ “သူက သြဇာညောင်းသူ တယောက်ပါ။ သူက လူတွေကို လှုံ့ဆော်ပေးတယ်။ အဲဒီ အသိုင်းအဝိုင်းက ခံစားနေရတဲ့ ပူဆွေးသောကတွေနဲ့ လိုက်လျောညီထွေ ရှိတဲ့ ပုံစံမျိုးနဲ့ သူက စကားပြောတယ်” ဟု မြန်မာနိုင်ငံ အခြေစိုက် လွတ်လပ်သော လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် Richard Horsey က AFP သတင်းဌာနကို ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် လအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေး ကင်းစခန်းများကို ARSA ၏ တိုက်ခိုက်မှုကို အတာအူလာက ဦးဆောင်ခဲ့သည်ဟု ယုံကြည်ရသည်။ သူသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း အများပြည်သူမြင်ကွင်းသို့ ပထမဆုံးရောက်လာခဲ့သည်။ မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များကြား ဘာသာရေးအရ တင်းမာမှုများ ပေါက်ဖွားရာနေရာတခု အဖြစ် ကာလ ကြာရှည်စွာ ရှိနေခဲ့သော ရခိုင် ပြည်နယ်အတွင်းမှ လုံခြုံရေးတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် သူတို့ အဖွဲ့ရောက်လာပြီ ဖြစ် ကြောင်း သူက အွန်လိုင်းတွင် ဗီဒီယိုတခုတင်၍ ကြေညာခဲ့သည်။ ARSA ခေါင်းဆောင် နှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ အတာအူလာသည် အသက် ၃၀ ကျော်(၃၀ မှ ၃၅ အတွင်း) ရှိပြီး တုတ်များ၊ ဓားများနှင့် သေနတ်အနည်းငယ် ကိုင်ဆောင်ထားပြီး အနည်းငယ်မျှသာ လေ့ကျင့်ထားသော ကလပ်စည်းများပါဝင်သည့် ကွန်ရက်တခုကို ဦးဆောင်နေသည့် အသွင်ရှိကြောင်း သတင်းက ဆိုသည်။ ဗီဒီယိုများတွင်လည်း မျက်နှာဖုံးစွပ်၍ သေနတ်ကိုင်ထားသော အရပ်ဝတ်စုံဝတ် အမျိုးသားများခြံရံထားသည့် အတာအူလာက မြန်မာအစိုးရက ဖိနှိပ်ချုပ်ချယ်မှုများကို ရှုတ်ချရင်း ရိုဟင်ဂျာများ လွတ်မြောက်ရေးအတွက်လည်း ကတိပြုသည်။ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုကြသော်လည်း မြန်မာနိုင်ငံသား အများစုက ဘင်္ဂလီဟုသာ သတ်မှတ်ခေါ်ဆိုကြသူ မွတ်ဆလင် အသိုင်းအဝိုင်း၏ အများစုမှာ ဆယ်စုနှစ်များစွာ နိုင်ငံမဲ့များ ဖြစ်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဒုက္ခသည် စခန်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည့်ကျပ်နေသည့် ဒုက္ခသည်စခန်းများတွင် ဆင်းဆင်းရဲရဲ နေထိုင်ကြရသည်။ သို့သော်လည်း အတာအူလာသည် ပါကစ္စတန် ဆိပ်ကမ်းမြို့ ဖြစ်သည့် ကရာချိမှ လူလတ်တန်းစား နေအိမ်တခုတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူ၏ ဖခင်မှာ ကရာချိရှိ နာမည်ကျော် Darul-Uloom အစ္စလမ်ဘာသာရေးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး နောက်ပိုင်းတွင် စာသင်ရန် ဆော်ဒီအာရေးဗီးယား၏ မြို့တော် ရီယာ့ဒ် Riyadh သို့ သူတို့မိသားစု ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် တိုင့်ဖ် Ta’if မြို့သို့ ပြောင်းရွှေ့ခဲ့ကြောင်း ဆွေမျိုးများကို ကိုးကားပြီး သတင်းက ဆိုသည်။ အတာအူလာက ဗလီတခုတွင် ကိုရမ်ကျမ်းစာကို အလွတ်ရွတ်ပြခဲသည့်အတွက် ချမ်းသာကြွယ်ဝသည့် ဆော်ဒီ နိုင်ငံသားများ၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ပြီးနောက် သူတို့၏ ကလေးများကိုသင်ကြားပေးရန် သူ့ကိုတောင်းဆိုခဲ့ကြသည်။ မကြာမီမှာပင် သူတို့၏ အတွင်းစည်းသို့ အတာအူလာကို ခေါ်ယူခြင်းခံခဲ့ရပြီး ညပါတီပွဲများ၊ ခမ်းနားသည့် အမဲလိုက်ခရီးစဉ်များတွင် ပါဝင်လာနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုအပြီး အွန်လိုင်း ဗီဒီယိုတခုတွင် ပေါ်လာသော အတာအူလာ “ဆော်ဒီတွေက သူ့ကို အရမ်းသဘောကျတယ်။ လူရင်းလိုပဲ ဆက်ဆံကြတယ်” ဟု ဆော်ဒီအာရေးဗီးယားရောက် အတာအူလာအကြောင်းကို သိသော မိသားစုနှင့် ဆွေမျိုးတော်စပ်သူတဦးက AFP သတင်းဌာနကို ပြောဆိုခဲ့သည်။ သို့သော်လည်း လူ ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်မှ ပဋိပက္ခနောက်ပိုင်းတွင် အတာအူလာက မြန်မာနိုင်ငံသို့ သွား၍ တိုက်ခိုက်ရန် ဆော်ဒီအာရေးဗီးယားမှ အဆင်ပြေသော ဘဝကို စွန့်လွှတ်ခဲ့သည်။ ပထမဆုံး အနေဖြင့် သန်းနှင့်ချီသော အမေရိကန် ဒေါ်လာများနှင့်အတူ ပါကစ္စတန်သို့ ပြန်၍ သေနတ်များ၊ တိုက်ခိုက်ရေးသမားများ နှင့် ထိပ်တန်း ဘာသာရေးစစ်ပွဲဝါဒီ အဖွဲ့များထံမှ လေ့ကျင့်မှုများ ရရှိရန် ကြိုးစားခဲ့ကြောင်း ထိုစဉ်က သူနှင့် တွေ့ဆုံခဲ့သော ကရာချိမှ စစ်သွေးကြွများ၏ အဆိုကို ကိုးကားပြီး သတင်းက ရေးထားသည်။ အတာအူလာထံသို့ အစ္စလမ်ရိုးရာ ဖြစ်သည့် ဟာဝါလာ hawala ငွေလွှဲစနစ် (အဝေးရောက်မြန်မာများ ငွေလွှဲသည့် ဟွန်ဒီစနစ်နှင့် အလားတူသော စနစ်) ပေးပို့ခြင်း ဖြစ်သည်ဟု ကရာချိတွင် ၂၀၁၂ ခုနှစ်က တွေ့ဆုံခဲ့သည့် စစ်သွေးကြွ အသိုင်းအဝိုင်းမှ ထိပ်တန်းလူ ၃ ဦးကို သတင်းက ကိုးကားဖော်ပြသည်။ hawala သည် တရားမဝင် စနစ်တခုဖြစ်ပြီး ယုံကြည်မှုကို အခြေခံ၍ ပြုလုပ်ခြင်းဖြစ်သည့်အတွက် ဘဏ်စနစ်ဖြင့် ငွေလွှဲပြောင်းသည်ထက် နောက်ကြောင်းလိုက်ရန် များစွာ ပို၍ ခက်ခဲသည်။ ရံပုံငွေများက ဆော်ဒီအာရေးဗီးယားရှိ ချမ်းသာကြွယ်ဝသည့်ဆော်ဒီများ နှင့် ရိုဟင်ဂျာများထံမှ လာသည်ဟု ယူဆရကြောင်း သတင်းရင်းမြစ်များက ပြောကြသည်။ အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်ရှိ တာလီဘန်များ၊ Lashkar-e-Taiba ကဲ့သို့သော ကက်ရှ်မီးယား ခွဲထွက်ရေး အဖွဲ့များ နှင့် ပတ်သက်သူများကို သူ ဆက်သွယ်ခဲ့ပြီး အကူအညီရရှိရန် ငွေကြေး အမြောက်အမြား ပေးခဲ့သော်လည်း အကျိုးမရှိခဲ့ဟု သိရသည်။ “လူကြားထဲမှာတော့ အဲဒီအဖွဲ့တွေက သူတို့ဟာ မြန်မာနိုင်ငံက မွတ်ဆလင်တွေနဲ့ တစည်းတလုံးတည်း ဖြစ်ကြောင်း ပြောကြတယ်။ ဘာသာရေး စစ်ပွဲအတွက် တိုက်တွန်းကြတယ်။ ဒါပေမယ့် သူ့ကိုတော့ ဥပေက္ခာပြုခဲ့ကြတယ်” ဟု အတာအူလာနှင့် ၂၀၁၂ ခုနှစ် အတွင်းက ပူးပေါင်းဆောင်ရွက်ခဲ့သူ တဦးက AFP သတင်းဌာနကို ပြောဆိုခဲ့သည်။ ပါကစ္စတန်မှ စစ်သွေးကြွအများစုက အတာအူလာ၏ မေတ္တာရပ်ခံချက်များကို အဖက်မတန်သလို သဘောထားခဲ့ကြသည်၊ သို့ မဟုတ် ပြောင်ပြောင်တင်းတင်းပင် ဥပေက္ခာပြုခဲ့ကြသည်၊ အခြားသူများက လက်နက်ဝယ်ရန် သူပေးသည့်ငွေကို လိမ်ယူခဲ့ကြပြီး မည်သည့်အခါမျှ ပို့မပေးခဲ့ကြဟု သတင်းက ရေးသည်။ “မြန်မာနိုင်ငံမှာ ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ စစ်သွေးကြွ အဖွဲ့အမျိုးမျိုးက တောင်းဆိုနေတာက ဘာမှမဟုတ်ပါဘူး။ လူကြားကောင်းအောင်၊ မွတ်ဆလင်တွေရဲ့ ထောက်ခံလာအောင် လုပ်စား နေကြတာပါ” ဟု အငြိမ်းစား ပါကစ္စတန် စစ်ဗိုလ်ချုပ်တဦး ဖြစ်သည့် Talat Masood က AFP သို့ မှတ်ချက်ပေးသည်။ ၂၀၁၂ ခုနှစ်အတွင်းက အတာအူလာကို ပါကစ္စတန်နိုင်ငံတွင် မြင်တွေ့ခဲ့ရသည့် စစ်သွေးကြွ အသိုင်းအဝိုင်း အသီးသီးမှ သတင်းရင်းမြစ်များက အတာအူလာသည် ဂျီဟတ် အဖွဲ့အစည်းများ၏ ယုံကြည်မှုကို မရသော အမျိုးသားရေး ဝါဒီတယောက်အနေဖြင့် ပါကစ္စတန်နိုင်ငံမှ ထွက်သွားခဲ့ကြောင်း ပြောသည်။ သူတို့က ရိုဟင်ဂျာတို့၏ အခက်အခဲကို နှုတ်အားဖြင့် စာနာခဲ့ကြသော်လည်း လက်အားဖြင့် အကူအညီပေးရန် ငြင်းပယ်ခဲ့ကြကြောင်း သတင်းက ဆိုသည်။ “သူတို့က သူ့ငွေတွေကို ဝိုင်းခိုးခဲ့တယ်” ဟု ARSA နှင့် နီးစပ်သော သတင်း အရင်းအမြစ်တဦးက ပြောဆိုမှုကို သတင်းက ကိုးကားသည်။ အတာအူလာက ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် စစ်သွေးကြွအဖွဲ့ ဖြစ်သော ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကဲ့သို့ သော အခြားရိုဟင်ဂျာ အဖွဲ့အစည်းများကိုလည်း မနှစ်မျို့သော အမြင်ရှိကြောင်း RSO နှင့် အတာအူလာတို့ ကရာချိမြို့တွင် တွေ့ဆုံစဉ်က ပါဝင်ခဲ့သူတဦးကို ကိုးကား၍ သတင်းက ဖော်ပြသည်။ သတင်းတွင် ရခိုင်ပြည်နယ်တွင် ပဋိပက္ခလှိုင်းသစ်များ ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းတွင်မူ တချိန်က အတာအူလာကို ရှောင်ခဲ့သည့် ဘာသာရေးစစ်ပွဲဝါဒီ အဖွဲ့များက ARSA ကို ကူညီမည်ဟု ပြန်ရောက်လာခဲ့ကြောင်း၊ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ဆေးပစ္စည်း နှင့် လက်နက်များ အရေးတကြီး လိုအပ်နေသော်လည်း အတာအူလာက ငြင်းဆန်ခဲ့ကြောင်း သတင်းက ရေးသည်။ “သူ့လူတချို့က အကူအညီတွေကို လက်ခံဖို့ အကြံပေးခဲ့ကြပေမယ့် သူက စိတ်ဝင်စားတဲ့ပုံ မပြခဲ့ဘူး” ဟု အတာအူလာ၏ လေ့ကျင့်ရေးစခန်း တခုနှင့် အဆက်အသွယ်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း သတင်းရင်းမြစ်တခုက AFP သတင်းဌာနကို ပြောဆိုခဲ့သည်။ အကယ်၍ အခြားသော ဘာသာရေး အဖွဲ့များ ပါဝင်ပတ်သက်လာလျှင် သူ၏ အဖွဲ့ အပိုင်စီးခံရမည်ကို အတာအူလာက စိုးရိမ်နေကြောင်းလည်း သတင်းက ဆိုသည်။ အတာအူလာ နှင့် ၂၀၁၂ ခုနှစ်အတွင်းက တွေ့ဆုံခဲ့သည့် RSO ၏ ပါကစ္စတန် ကိုယ်စားလှယ် နူးဟူစိန်ဘားမိ Noor Hussain Burmi က အတာအူလာ၏ ဝင့်ဝါမှုနှင့် အဆင်အခြင်မဲ့မှုက ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင် အသိုင်းအဝိုင်းအတွင်း ပို၍ကြီးမားသော ဒုက္ခကို ယူဆောင်လာခဲ့သည်ဟုလည်း ပြောသည်။ “သူက တခြားဘယ်သူမှ ရခိုင်ပြည်နယ်မှာ ခြေမချစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သူ့ကို အရိပ်မိုးသွားလိမ့် မယ်လို့ သူက ထင်နေတယ်” ဟု နူးဟူစိန်ဘားမိက AFP သတင်းဌာနကို ပြောဆိုခဲ့သည်။ The post ARSA ခေါင်းဆောင် အတာအူလာ ဘယ်သူလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2xCVYFG
via IFTTT

No comments:

Post a Comment