အစိုးရစီမံကိန်း ဘတ်ဂျက်ကာလ ပြောင်းလဲ သတ်မှတ်မည် အစိုးရ၏ စီမံကိန်းများကို အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ရန် ဘတ်ဂျက်ကာလကို ၁၈ လအထိ တိုးမြင့် သတ်မှတ်နိုင်ရေး နိုင်ငံတော် အကြီးအကဲများထံသို့ တင်ပြထားပြီး ပြည်ထောင်စု လွှတ်တော်ထံသို့လည်း ခွင့်ပြုချက် တောင်းခံမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၈-၁၉ အမျိုးသား စီမံကိန်း ဥပဒေ ပြုစု ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက “အကြီးအကဲကိုလည်း မနေ့က ကျနော် တင်ပြခဲ့ပြီးပါပြီ။ ဘတ်ဂျက် အနေအထားကတော့ ဒီလို ရှိပါတယ်။ ဒါကြောင့် စီမံကိန်း ရည်မှန်းချက်တွေ ရေးဆွဲတဲ့အခါကျရင် ၆ လနဲ့ ဘယ်လိုမှ သဟာဇာတ မဖြစ်တဲ့အတွက်ကြောင့် ၁၈ လစာ သွားပါမယ် ဆိုပြီးတော့ ပြောခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောသည်။ ယခု အစီအစဉ်သည် ပြည်ထောင်စု လွှတ်တော်သို့ မရောက်မီ စီမံကိန်း ကော်မရှင်၊ ဘဏ္ဍာရေး ကော်မရှင်၊ နိုင်ငံတော် သမ္မတရုံးမှ တဆင့် အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူပြီးနောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်မည့် ဌာနများ အနေဖြင့် ၁၈ လစာ ကြိုတင် စဉ်းစားထားရန် ၎င်းက ပြောဆိုထားသည်။ အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြရသည့် အမျိုးသား စီမံကိန်း ဥပဒေ၊ နှစ်စဉ် ရသုံးမှန်းခြေ ဥပဒေ၊ အခွန်အကောက် ဥပဒေ တို့ကို တပြိုင်တည်း တင်ပြလေ့ ရှိသော်လည်း ယခုနောက်ပိုင်းတွင် နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများ၊ စီးပွားရေး ပုံသဏ္ဍာန်များ ပြောင်းလဲလာသည့်အပေါ် မူတည်ပြီးရန် ဘတ်ဂျက်နှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောသည်။ “တိုင်းပြည်ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်တဲ့အခါ လမ်းဖောက်တာတို့ အဆောက်အဦတွေ ဆောက်တာတို့ တံတား ဆောက်တာတို့က ပွင့်လင်းရာသီမှာ ပိုပြီးလုပ်ဆောင်ရတာတွေရှိလာတယ်။ ပွင့်လင်းရာသီမှာ လုပ်ဆောင်ရတဲ့အခါကျတော့ ကျနော်တို့ က ဧပြီ ၁ မှာ လုပ်ရတဲ့ အခါကျတော့ မိုးရာသီကာလက ၆ လလောက် ဖြစ်နေတော့ အကောင်အထည်ဖော်တဲ့ ကာလနဲ့ ဘတ်ဂျက်နှစ်က လိုက်လျောညီထွေ မရှိဘူး”ဟု ဦးမောင်မောင်တင့်က ရှင်းပြသည်။ ထို့ကြောင့် အများပြည်သူ၏ စိတ်ထဲတွင် သတ်မှတ်ကာလအတွင်း မလုပ်နိုင်ဘူးဆိုသည့် အထင်အမြင်များ ရှိနေကြောင်း၊ အချိန် ကာလနှင့် လိုက်လျောညီထွေဖြစ်သည့် အစီရင်ခံစာ ပြုစုခြင်း၊ စာရင်းစစ်ဆေးခြင်း၊ စာရင်းပြုစုခြင်း စသည့် အခက်အခဲများကို ပြေလည်နိုင်ရန် ဖြစ်သည်။ “အကောင်အထည်ဖော်တဲ့ အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေက တချို့လုပ်ငန်းတွေက သတ်မှတ်တဲ့အချိန်အတွင်းမှာ ပြီးအောင် မဆောင်ရွက်နိုင်ဘူးဆိုတဲ့ အနေအထားလေးတွေ ရှိတယ်။ နောက်ပြီး အကောင်အထည်ဖော်ရတဲ့ ဌာနတွေမှာလည်း ရာသီဥတုရဲ့ ကန့်သတ်ချက်တွေကြောင့် လုပ်ဆောင်ရတာ အခက်အခဲတွေ့နေရတယ်”ဟု ၎င်းက ပြောသည်။ ပထမ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးငွေအရ အသုံးစာရင်းများကို မူလလျာထားချက်နဲ့ အမှန်နီးစပ်မှု ရှိစေရန်၊ နီးစပ်စွာ ခန့်မှှန်းခြင်းအားဖြင့် နှစ်ကုန်သည့်အခါ ပိုလျှံငွေပြန်အမ်းမှုများ၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲရခြင်းများ၊ တောင်းခံမှု လျော့နည်းသွားစေရန်နှင့် နှစ် လတ် ဘဏ္ဍာရေးမူဘောင် ရေးဆွဲပါက ရငွေတွေကို ကြိုတင်ခန့်မှန်းနိုင်ရန် ဖြစ်ကြောင်း သိရသည်။ လာမယ့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ၁ နှစ်နှင့် ၆ လ ဘတ်ဂျက် ရေးဆွဲရန် စီစဉ်နေကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/ ၂၀၁၇ တွင် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ သိရသည်။ “ဒီရငွေပေါ်မှာ မူတည်ပြီး ဌာနအဖွဲ့အစည်းတွေကို အသုံးစားရိတ်တွေကို ထိရောက်စွာ ခွဲဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီရငွေတွေကို ခန့်မှန်းပြီး ခွဲဝေပေးတဲ့အခါမှာ ငွေလုံး အသုံးစားရိတ်ဘောင်နဲ့ သာမန်အသုံးစားရိတ်ဘောင်ဆိုပြီး ဘောင်တွေနဲ့ ဝန်ကြီးဌာနတွေကို ခွဲဝေပေးတာ ဖြစ်ပါတယ်”ဟု ဒေါ်နွဲ့နွဲ့ဝင်းများက ပြောသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ခံ တက်ရောက်လာသူက ၎င်းတို့ ဝန်ကြီးဌာန အနေဖြင့် အမျိုးသား စီမံကိန်း ဥပဒေကြမ်း ရေး ဆွဲသည့် အခါ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ ချမှတ်ပေးထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ ရသုံးမှန်းခြေဌာနမှ ဘတ်ဂျက်ခွဲဝေပေးထားသည့် သတ်မှတ်မူဘောင်အတိုင်း လိုက်နာနေကြောင်း ပြောသည်။ ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် တာဝန် အရှိဆုံး ဖြစ်သော ဒုဝန်ကြီးများ၊ အမြဲတန်း အတွင်းဝန်များနှင့် ညွှန်ချုပ်များက ယင်းသို့ ဘတ်ဂျက်ကာလ ပြောင်းလဲသတ်မှတ်ခြင်းကို ထောက်ခံသူများ ရှိသလို ပြန်လည် စဉ်းစား သုံးသပ်ရန် အကြံပြုသူများလည်း ရှိခဲ့သည်။ The post အစိုးရစီမံကိန်း ဘတ်ဂျက်ကာလ ပြောင်းလဲ သတ်မှတ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xsCRhN
via IFTTT
No comments:
Post a Comment