Saturday, September 23, 2017


ရွှေဝါရောင် တော်လှန်ရေး ရန်ကုန် ဒိုင်ယာရီ ဒီလဟာ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဦးဆောင်ပြီး စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု ဖြစ်တဲ့ ရွှေဝါရောင် တော်လှန်ရေး ၁၀ နှစ်မြောက် နှစ်ပတ်လည်တဲ့လ ဖြစ်ပါတယ်။ အဲဒီ ၉ ရက်ကြာ လူထုလှုပ်ရှားမှုဟာ မြန်မာ တနိုင်ငံလုံးကို လှုပ်ခါသွားစေရုံသာမက တခြားသော လွတ်လပ် ကမ္ဘာ၏ စာနာ အသိတရား ကိုလည်း လှုပ်ခါ သွားစေခဲ့ပါတယ်။ ရန်ကုန်နဲ့ အခြား မြို့ကြီးတွေက ဆန့်ကျင်ကန့်ကွက်သူတွေနဲ့ တနိုင်ငံလုံးက ဘုန်းတော်ကြီးကျောင်းတွေဟာ သီတင်းတပတ်ကျော် ကြာထိ သွေးထွက်သံယိုများတဲ့ ဖိနှိပ်မှုကို ခံစားခဲ့ရပါတယ်။ ဘန်ကောက် အခြေစိုက် စာရေးဆရာနဲ့ သတင်းဓာတ်ပုံဆရာ Thierry Falise ဟာ ရန်ကုန်က ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီး ၉ ရက်တာ အတွက် နေ့စဉ်မှတ်တမ်း တစောင် ရေးသားပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလက ဧရာဝတီ မဂ္ဂဇင်းတွင် ပထမဆုံးအကြိမ် ရေးသားထုတ်ဝေခဲ့ပါတယ်။ ရက်စက်စွာ နှိပ်ကွပ်ခံရအပြီး ကျန်ရစ်ခဲ့သော သွေးများနှင့် ဖိနပ်များ စက်တင်ဘာလ ၂၁ ရက်၊ သောကြာနေ့ နေ့စဉ်ရက်ဆက် မိုးရွာနေတာ ရက်တော်တော်ကြာပြီ။ မြို့တော်ဟောင်း ရန်ကုန်မှာ သံဃာတော်တွေ ဆန္ဒပြတယ် ဆိုတဲ့ သတင်းကြားလို့ မနေ့ကမှ မန္တလေးက ပြန်ဆင်းလာခဲ့တယ်။ ညနေ ၃ နာရီလောက်မှာ ဟိုတယ်ခန်းထဲမှာ အလုပ်လုပ်နေရင်း လမ်းပေါ်က ထွက်ပေါ်လာတဲ့ ရွတ်ဆိုသံကို ကြားလိုက်ရတယ်။ ပြတင်းပေါက်က ကြည့်လိုက်တော့ မိုးရွာထဲမှာ ချီတက်လာတဲ့ သံဃာတော် ၂၀၀ လောက်ကို တွေ့ရတယ်။ သွေးထွက်နေသော ဒဏ်ရာနှင့် ရဟန်းတပါး ဓာတ်ပုံရိုက်ဖို့ ပစ္စည်းတွေကို ထုတ်ပိုးပြီး အောက်ကို အမြန်ဆင်းလိုက်တော့ သံဃာတော်တွေက အနားက ဆူးလေဘုရားကို ရောက်နေကြပြီ။ သံဃာတော် အများစုက အသက် ၃၀ အောက် အရွယ်တွေ။ အရပ်သား တချို့က သံဃာတော်တွေကို ဝင်ရောက်ပူးပေါင်းလိုက်တယ်။ တချို့က လက်ခုပ်တီးကြပြီး တချို့က စိုစွတ်နေတဲ့ မြေမှာ ဦးချကြတယ်။ လူငယ်တစုက လက်ခြင်းချိတ်ပြီး သံဃာတော်များကို ဝိုင်းရံပြီး အဒီအချိန်ထိ မမြင်ရသေးတဲ့ ရန်သူရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးထားကြတယ်။ သံဃာတော်တွေက မိုးအကြီးအကျယ် ရွာနေတာတောင် မြို့တော်ခန်းမနားက ထွက်ခွာပြီး မြစ်တွေလို ဖြစ်သွားတဲ့ လမ်းမတွေမှာ အမြန် ချီတက်လာကြတယ်။ ဗုဒ္ဓရဲ့ မေတ္တာသုတ်ကိုလည်း ကြိမ်ဖန်များစွာ ရွတ်ဖတ်နေကြတယ်။ ပြုံးရွှင်နေသော လူတယောက် ရောက်လာပြီး ဓာတ်ပုံရိုက်ချိန်မှာ ထီးကို မိုးထားပေးတယ်။ ၂ နာရီလောက် ကြာတော့ သံဃာတော်တွေဟာ ဗိုလ်တထောင်ဘုရားကို ရောက်လာကြတယ်။ တညနေခင်းလုံး ဘယ် ယူနီဖောင်းဝတ်ကိုမှ မတွေ့ရ၊ မေးခွန်တွေ လာမေးမြန်းသူလည်း မရှိပေမယ့် လူအုပ်ထဲမှာ အရပ်ဝတ်ရဲတွေနဲ့ အစိုးရ ကျောထောက်နောက်ခံပြု လူရမ်းကား အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက လူတွေ စိမ့်ဝင်နေတာ အတိအကျ သိနေတယ်။ မနက်ဖြန်မှ တွေ့မယ် လို့ လူတယောက်က တီးတိုးပြောတယ်။ ဖြိုခွဲ နှိပ်ကွပ်မှုကြောင့် ဝရုန်းသုန်းကား ထွက်ပြေးနေရသော ဆန္ဒပြသူများ စက်တင်ဘာလ ၂၂ ရက်၊ စနေနေ့ ရွှေတိဂုံစေတီ အနီးတဝိုက်မှာ ဟိုကြည့်ဒီကြည့် ကြည့်နေရင်း နောက်ဆုံးမှာ ဆူးလေစေတီကို ချီတက်နေတဲ့ ဆန္ဒပြသူတွေကို တွေ့ရတယ်။ အရင်နေ့တွေကထက် သံဃာနဲ့လူ ပိုများလာတယ်။ ခပ်ရှုပ်ရှုပ်ပုံ ပေါက်ပြီး “စာနယ်ဇင်း” ဆိုတဲ့ တံဆိပ်ဝတ်ဆင်ထားတဲ့ လူတဦးက ဖြစ်စဉ်တခုလုံးကို ဗီဒီယို ရိုက်ယူနေပြီး မျက်နှာတွေကိုသာ အာရုံစိုက် ရိုက်ကူးနေတာ အထင်အရှား တွေ့ရတယ်။ ညနေ ၆ နာရီလောက်မှာ လူစုခွဲတဲ့ အထိ ဆန္ဒပြသူတွေဟာ မညှာတာတဲ့ မိုးစက်တွေ အောက်မှာ ရန်ကုန်ရဲ့ တခြားမြို့နယ်တွေကို ဆက်လျှောက် ဆန္ဒပြခဲ့ကြတယ်။ ရာနဲ့ ချီတဲ့သံဃာတော်တွေဟာ မြန်မာနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချုပ်နှောင်ထားတဲ့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ကို သံဆူးကြိုးတွေကို ဖြတ်သန်း သွားရောက်ပြီး အိမ်ရှေ့မှာ မေတ္တာသုတ်ရွတ်ဖတ်တယ် လို့ တချို့လူတွေက ပြောပြတယ်။ အာဏာပိုင်တွေက သံဃာတော်တွေ ကြွလာတာကို တားဆီးတာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်က သံဃာတော်တွေကို ဝတ်ပြုဖို့ အိမ်အပြင်ကို ထွက်လာတယ်လို့ ပြောတယ်။ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ရင်ဆိုင်နေရသော ရဟန်းတစု လေးနက်တဲ့ တခုခုဖြစ်လာတော့မည် လို့ စပြီး ခံစားမိလာတယ်။ အသက်ဝင်နေတဲ့ သမိုင်းမှာ ကိုယ်တိုင် ပါဝင်နေရတော့ ထူးထူးခြားခြား စိတ်လှုပ်ရှား ခံစားနေရတယ်။ စက်တင်ဘာလ ၂၃ ရက်၊ တနင်္ဂနွေနေ့နေ့ခင်းဘက် ဆန္ဒပြသူများတွေနဲ့ ဆူးလေဘုရားမှာ တွေ့တယ်။ သံဃာတော် ၂ ပါးက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ “မေတ္တာတရားသည် အရာရာကို အောင်နိုင်သည်” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ထားတယ်။ ဆန့်ကျင်ကန့်ကွက်မှု ပြင်းထန်တဲ့ သင်္ကေတအဖြစ် သံဃာတပါးက သပိတ်ကို မှောက်လျက် ကိုင်မြှောက်နေတယ်။ သံဃာတော် ၂၀၀၀ ခန့်ကို ပန်းရောင်ဝတ် သီလရှင်တွေက ပထမဆုံး ပူးပေါင်း ပါဝင်ပြီး ရွှေတိဂုံ စေတီကနေ မြို့လယ်ကို ချီတက်ကြတယ်။ လူငယ်နဲ့ ကျောင်းသားတွေ ဝန်းရံထားတဲ့ သံဃာတော်နဲ့ သီလရှင်တွေက ကုန်ဈေးနှုန်း ကျဆင်းရေး၊ အဓိပ္ပာယ် ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှု စတင်ပြုလုပ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြား နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြတယ်။ ဘုန်းကြီးအပါး ၂၀၀ ခန့် အဖမ်းခံခဲ့ရတဲ့ ငွေကြာယံကျောင်းထဲက သွေးကွက် စက်တင်ဘာလ ၂၄ ရက်၊ တနင်္လာနေ့ ဒီနေ့ နေပြန်သာလာတယ်။ ရွှေတိဂုံစေတီ ခြေတော်ရင်းမှာ သံဃာတော်တွေ ထောင်ချီ စုရုံးတာကို သွားကြည့်ခဲ့တယ်။ နီညိုရောင် သံဃာလှိုင်းတခုက ကျပ်သိပ်နေတဲ့ လူအုပ်ထဲမှာ ဖြတ်သွားတယ်၊ မြင့်မြတ်တဲ့ ရွှေတိဂုံစေတီကို လှည့်ပတ်ပြီးနောက် မြို့လယ်ကို သံဃာလှိုင်းကြီး စီးဆင်းသွားတော့တယ်။ စိတ်အားထက်သန်မှုနဲ့ မျှော်လင့်ချက် မုန်တိုင်းတွေ လွှမ်းသွားတယ်။ အခုတော့ လမ်းတွေ အားလုံးမှာ လူအုပ်ကြီးတွေ လူရောက်လာကြပြီ။ ရန်ကုန်မြို့ခံ သိန်းနဲ့ ချီပြီး လမ်းဘေးက၊ လေသာဆောင်က၊ တိုက်ခန်းပြတင်းပေါက်က၊ ခေါင်မိုးတွေက၊ လုပ်ငန်းတွေက၊ တမြို့လုံးရဲ့ ချောင်ကြိုချောင်ကြားတွေကပါ အားပေးကြတယ်။ ဂျပန်သတင်းထောက် ကန်ဂျီနာဂါအိ အပစ်သတ်ခံရစဉ် စက်တင်ဘာလ ၂၅ ရက် အင်္ဂါနေ့ တမြို့လုံး စိုစွတ်ပူလောင်နေတယ်။ ဒီနေ့ ဆန့်ကျင်ဆန္ဒပြပွဲက နိုင်ငံရေးအသွင် ပိုဆောင်လာတယ်။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ တီရှပ်တွေ ပိုပြီး ဝတ်လာတယ်။ လမ်းဆက် မလျှောက်နိုင်သူတွေကို စောင့်ရှောက်ဖို့ ဌာနတခု ဆူးလေဘုရားမှာ ဖွင့်ထားရတယ်။ အရပ်သားတွေက သံဃာတော်တွေရဲ့ ယောင်ကိုင်း နာကျင်နေတဲ့ ခြေထောက်တွေကို ပလာစတာကပ်ပြီး နှိပ်ပေးနေရတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် ထုတ်တော့မယ် ဆိုပြီး လူတချို့က လော်စပီကာလို့ ခေါ်တဲ့ အသံချဲ့စက်တွေ ယူလာကြပြီ။ ဒါပေမယ့် သံဃာတွေရဲ့တောင်းဆိုချက်အတိုင်း ဘာနိုင်ငံရေး မိန့်ခွန်းမှ မပြောကြဘူး။ သံဃာတော်တွေ ပြန်လည် ချီတက်ကြတယ်။ လူတွေက ပိုပိုအားပေးကြတယ်။ ဒီမိုကရေစီလို့ အော်သံတွေ ပိုမို ကျယ်လောင်လာပြီး ဆန္ဒပြသူတွေဟာ လွတ်မြောက်သူတွေလို ဖြစ်လာတယ်။ နိုင်ငံခြားသား သတင်းဓာတ်ပုံဆရာတွေ အများကြီး သတင်းယူနေကြပြီး ခဏရပ်နားချိန်မှာ လူဒါဇင်နဲ့ ချီတဲ့ လူတွေက ကျနော်တို့ကို ကြိုဆိုပြီး “ကျနော်တို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုကို ကမ္ဘာကို တင်ပြပေးပါ။ ကျနော်တို့ တပ်မတော်သားတွေကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေကို ဆန့်ကျင်နေတာပါ” လို့ ပြောတဲ့သူ အများကြီးရှိတယ်။ ညနေ ၅ နာရီလောက် ဟိုတယ် ပြန်ရောက်တော့ စစ်သားအပြည့် ပါတဲ့ ထရပ်ကား ၄ စီး ဆူးလေဘုရားကို သွားတာ တွေ့တယ်။ ရက်ပေါင်း ၆၀ နေဝင်မီးငြိမ်း အမိန့် စထုတ်လိုက်ခြင်းက ဖိနှိပ်မှု စတင်လိုက်ပြီ ဆိုတာ သိလိုက်ရတယ်။ ဆန္ဒပြ ဘုန်းတော်ကြီးများကို နှိမ်နှင်းရန် ချီတက်လာသော လုံခြုံရေးရဲတပ်ဖွဲ့ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန် မတိုင်မီ လေးမှာတင် လုံခြံရေး တပ်ဖွဲ့တွေက ရွှေတိဂုံစေတီမှာ မျက်ရည်ယို ဗုံးတွေနဲ့ လူထုကို ဖြိုခွဲတယ်။ သံဃာတော် ၁၀၀ လောက်ဟာ စေတီခြေတော်ရင်းက လမ်းမပေါ်မှာ စုရုံးနိုင်ခဲ့တယ်။ တနာရီ မထိုးခင်လေးမှာပဲ ထောင်နဲ့ ချီတဲ့ လူတွေဟာ လမ်းသွယ်လေးတွေ၊ ဘတ်စ်ကားတွေပေါ်ကနေ ရောက်လာကြပြီး သူတို့ကို ထောက်ခံသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ အရင်နေ့တွေထက် လူတွေ ပိုများလာတယ်။ သူတို့က ကျနော်တို့ ဓာတ်ပုံသမားတွေကို ရေတွေ၊ သကြားလုံးတွေနဲ့ မျက်ရည်ယိုဗုံးနဲ့ တိုက်ခိုက်လာရင် ကာကွယ်ဖို့ မျက်နှာဖုံးတွေ ပေးတယ်။ ရန်ကုန်က တချို့နေရာတွေမှာ စစ်သားတွေက လူအုပ်တွေထဲကို တိုက်ရိုက်ပစ်တယ်လို့ တချို့က ပြောတယ်။ လေထဲမှာတော့ ဒေါသတွေ၊ ခံပြင်းမှုတွေ ပြည့်နေပြီ။ ဆန္ဒပြ ဘုန်းတော်ကြီးများ စက်တင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့ ရန်ကုန်မြောက်ပိုင်းက ငွေကြာယံ ဘုန်းတော်ကြီးကျောင်းနားမှာ ပြဿနာတက်နေပြီ လို့ အဆက်အသွယ် တယောက်က ပြောတယ်။ လပ်ဖော်ကိုင်ဖက် ၂ ယောက်နဲ့ အဲဒီကို အမြန် လိုက်သွားတယ်။ စစ်သားတွေ၊ ရဲတွေနဲ့ လူတွေက လမ်းတွေကို ပိတ်ဆို့ထားတယ်။ မနေ့ ညက ဒီဘုန်းတော်ကြီးကျောင်းမှာ သံဃာတော် ၂၀၀ လောက်ကို ရက်ရက်စက်စက် ဖမ်းဆီးခဲ့ပြီး သံဃာတော်တပါး ပျံလွန်တော်မူတယ်လို့ သိရတယ်။ တာမွေမြို့နယ်မှာ စစ်သားတွေက ကျောင်းသား ဆန္ဒပြသူတွေကို ပစ်တယ်၊ မူလတန်း ကျောင်းသားလေးတွေဟာ လုံခြံရေးတပ်တွေရဲ့နောက်မှာ ပိတ်မိနေတယ် လို့ ကြားတယ်။ ရဲနှင့် စွမ်းအားရှင်များကို ရင်ဆိုင်နေသူတဦး “ဆူးလေမှာ လူ ၃၀ လောက် သေကုန်ပြီ လို့ လူတယောက်က ပြောတာနဲ့ မြို့ထဲကို အမြန် ပြန်သွားကြတယ်။ ဒီသတင်းက မမှန်ပေမယ့် အဲဒီနေရာ တခုလုံးမှာ စစ်သားတွေ၊ ရဲတွေ ပြည့်ကျပ်နေတယ်။ လမ်းပေါ်မှာ သွေးကွက်ကြီး နှစ်ကွက်နဲ့ ကျွတ်ကျကျန်ခဲ့တဲ့ ဖိနပ် ဒါဇင်ပေါင်းများစွာကိုလည်း တွေ့ရတယ်။ ကော့ကေးရှန်း သတင်းစာဆရာ တယောက် အသတ်ခံရတယ် လို့ ကြားရတယ်၊ နောက်တော့မှ ဂျပန် သတင်းဓာတ်ပုံဆရာ တယောက် ပစ်သတ်ခံရတာကို အတည်ပြု နိုင်ခဲ့တယ်။ ဘူတာကြီးနားက လမ်းဆုံကျယ်ကြီးမှာ သံဃာနည်းနည်းပါတဲ့ အုပ်စုတစု ဘယ်ကနေမှန်း မသိ ရောက်လာတယ်။ မိနစ် အနည်းငယ် အတွင်းမှာ လူထောင်ချီ စုရုံးမိသွားပြီး အနီးက ခုံးတံတားဘက်ကို ချီတက်လာကြတယ်။ ခုံးတံတား ဘေးတွေကနေ စစ်သားတွေ ရုတ်တရက် ရောက်လာပြီး ကျနော်တို့ကို ပစ်တယ်။ ထွက်ပြေးကြရတယ်။ လူတိုင်း အသက်နဲ့ကိုယ် အိုးစားမြဲဖို့ ပြေးကြရတယ်။ ဆန္ဒပြ ဘုန်းတော်ကြီးများ ရွှေတိဂုံစေတီပေါ် ဝတ်ပြုစဉ် စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့ ရန်ကုန်က နေရာတော်တော်များများမှာ လူအုပ်ကြီးတွေက စစ်တပ်ကို အန်တုနေကြတယ်။ လူအုပ်ကြီးတွေက ဆန္ဒပြပွဲတွေ ပြန်စဖို့ လုပ်နေကြပေမယ့် စဖို့ လုပ်လိုက်တိုင်း လုံခြုံရေးတပ်တွေ ရောက်လာပြီး သူတို့ကို လူစုခွဲလိုက်တယ်။ မြိုကလယ်မှာ ဒါဇင်နဲ့ ချီတဲ့ သူတွေ အဖမ်းခံ၊ အရိုက်နှက်ခံရတယ်။ တပ်တွေက လူတွေကို အဆောက်အအုံတွေထဲ အထိ လိုက်ဖမ်းတယ်၊ ကင်မရာနဲ့ လူတွေကို လိုက်ရှာနေကြတယ်။ လူတွေ အင်တာနက်သုံးလို့ မရတော့အောင်လို့ စစ်သားတွေ တင်ထားတဲ့ ထရပ်ကားတွေက ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက မြန်မာနိုင်ငံရဲ့ အဓိက အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ ရုံးဖြစ်တဲ့ မြန်မာအင်ဖိုတက်ကို မွန်းတည့် ချိန်လောက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်။ မြန်မာ နိုင်ငံသားတွေက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သတင်းတွေနဲ့ အီးမေးလ်တွေကို နိုင်ငံတကာမီဒီယာနဲ့ တကမ္ဘာလုံးကို အလုံးအရင်းပို့နေလို့ လုပ်လိုက်တာလေ။ မြန်မာနိုင်ငံဟာ အမှောင်ခေတ်ကို ပြန်ရောက်သွားခဲ့တယ်။ သပိတ်မှောက်ပြနေသော ရဟန်းတပါး စက်တင်ဘာလ ၂၉ ရက်၊ စနေနေ့ အခုတော့ လုံခြုံရေးတပ်တွေက နိုင်ငံခြား သတင်းထောက်တွေနဲ့ ကြောင်နဲ့ ကြွက်၊ ပြေးတမ်း လိုက်တမ်း ကစားနေကြ တယ်။ အရပ်သားတွေနားကို ကျနော်တို့ ကပ်လိုက်တာနဲ့ သူတို့က ကျနော်တို့ဆီကို ရောက်လာပြီး တုန်လှုပ်စရာ ဝရုန်းသုန်းကားတွေ ဖြစ်လာတော့တာပဲ။ တခါကျတော့ တံတားတခုကနေ ပြေးဆင်းပြီး ဘုန်းတော်ကြီးကျောင်းတခုထဲမှာ ခုလှုံရလို့ သံဃာတော်တွေက ကျနော်တို့ကို ဝှက်ထားပေးရတယ်။ ဆန္ဒပြ ဘုန်းတော်ကြီးများကို ဦးချဝတ်တွားနေသူတဦး နေ့လည် နှောင်းပိုင်းလောက်မှာ တခြား သတင်းသမား ၂ ယောက်နဲ့ အတူ ငွေကြာယံ ဘုန်းတော်ကြီးကျောင်းကို ပြန်သွားတယ်။ သံဃာတော် နည်းနည်းလေးပဲ ကျန်တော့တယ်။ ကျနော်တို့က ပထမတော့ ကမ္ဘာလှည့်ခရီးသည်လို ဟန်ဆောင်ပြီး အမှုမဲ့ အမှတ်မဲ့ မေးခွန်းတွေ မေးရော၊ စိုးရွံ့တဲ့ အကြည့်တွေကို တွေ့ရတယ်။ စာနာတာ လိုလို၊ စိတ်ဝင်စားတာ လိုလို လုပ်နေတဲ့ လူကြီးတယောက် ရောက်လာတယ်။ ကြံ့ခိုင်ရေး လို့ ထင်တာပဲ။ ရန်ကုန်မြို့လည်တွင် မေတ္တာသုတ် ရွတ်ဆိုနေသော သံဃာများ စစ်ထရပ်ကား ၄ စီး ရောက်လာပြီး ဘုန်းတော်ကြီးကျောင်းကို ဝိုင်းထားလိုက်တယ်။ ကျနော်တို့လည်း အငှားယာဉ်ဆီကို လစ်ရတော့တာပဲ။ အထူး ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ ရန်ကုန်ရောက်နေပြီး ကုလသမဂ္ဂ အရာရှိတွေက သူ့ကို ရှင်းပြနေတယ် လို့ နောက်တော့သိရတယ်။ သူက စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ နေပြည်တော်ကို တိုက်ရိုက်သွားတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ အခြေအနေကို ဆွေးနွေးတဲ့အခါ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့မယ်လို့ မြန်မာအစိုးရ မီဒီယာက ကြေညာတယ်။ စစ်အစိုးရရဲ့ အကြမ်းဖက် ဖြိုခွဲမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်တယ် လို့ လုံခြုံရေးကောင်စီက တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက်တယ် လို့ ကြေညာချက် ထွက်လာတယ်။ ဒါပေမယ့် ဖမ်းဆီးခြိမ်းခြောက်တာတွေ ကတော့ ဆက်ဖြစ်နေတုန်းပဲ။ (Thierry Falise ၏ Saffron Revolution: A Rangoon Diary ကို ဘာသာပြန်ဆိုသည်။) The post ရွှေဝါရောင် တော်လှန်ရေး ရန်ကုန် ဒိုင်ယာရီ appeared first on ဧရာဝတီ.
Source : http://ift.tt/2wI42Gr
via IFTTT

No comments:

Post a Comment