ကျောင်းသား/သူများ ကာယိနြေ္ဒပျက်ပြားအောင် ဆုံးမခြင်းမပြုရန် ပညာရေးဝန်ကြီးဌာန ညွန်ကြား ကျောင်းသားကျောင်းသူများအား သွန်သင်ဆုံးမရာတွင် ကာယိနြေ္ဒပျက်စေမည့် အပြုအမှုများ မလုပ်ဆောင် ကြရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့ ရက်စွဲဖြင့် ညွန်ကြားချက် ထုတ်ပြန်လိုက်သည်။ အဆိုပါ ညွန်ကြားချက်သည် ယခင်ကတည်းက ရှိခဲ့သည်ဟုဆိုသော်လည်း မကွေးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် စက်တင်ဘာ ၂၂ ရက်နေ့က ကျောင်းသားကျောင်းသူ အချို့အား ဆရာမတဦးမှ ဘောင်းဘီများချွတ်စေကာ အပြစ်ပေးခဲ့သည့် ပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားပြီးနောက် တနိုင်ငံလုံး အတိုင်းအတာဖြင့် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါ ဆရာမကိုလည်း လတ်တလောတွင် စာသင်ကြားမှု ရပ်ဆိုင်းခိုင်းလိုက်ပြီး သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ဦးဆောင်သည့် စုံခုံအဖွဲ့က စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒေါ်စန်းစန်းရီက “ဒီညွန်ကြားချက်တွေက ခုမှမဟုတ်ပါဘူး၊ အရင်ကတည်းက မရိုက်ဖို့ဆိုတာရှိပါတယ်”ဟု ပြောသည်။ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည့် ညွန်ကြားချက် အရ ကျောင်းသားကျောင်းသူ များအား မည်သည့်တုတ်ဖြင့် လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ အခြားတစုံတခုဖြင့်လည်းကောင်း၊ ရိုက်နှက်ခြင်းမပြုရဟု သိရသည်။ ထို့ပြင် ကျောင်းသားကျောင်းသူများသည် ယဉ်ကျေးမှုနှင့် ဆီလျော်ခြင်းမရှိသည့် ဝတ်စားဆင်ယင်မှုများဖြင့် ကခုန်ခြင်း၊ သီဆိုဖျော်ဖြေခြင်း၊ တေးသရုပ်ဖော်တင်ဆက်ခြင်းနှင့် အလှပြလမ်းလျှောက်ခြင်းများ မပြုလုပ်ရန်လည်း ညွန်ကြားထားသည်။ တွံတေးမြို့နယ်မှ ကျောင်းဆရာတဦးက “ကလေးတွေ ရိုက်တယ်ဆိုတာမှာ စေတနာလည်း ကွာပါတယ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်နှက်တာမျိုးဆို တမျိုးပေါ့၊ နယ်က ကလေးတွေကျတော့ ရိုက်မယ်ပြောမှ စာကျက် ကြတာမျိုးတွေရှိတယ်၊ အမြင်ကတော့ အမျိုးမျိုးကွဲလွဲနိုင်ပါတယ်၊ ကျနော်တို့ကတော့ ညွန်ကြားတာ လိုက်နာရုံပါပဲ”ဟု ပြောသည်။ The post ကျောင်းသား/သူများ ကာယိနြေ္ဒပျက်ပြားအောင် ဆုံးမခြင်းမပြုရန် ပညာရေးဝန်ကြီးဌာန ညွန်ကြား appeared first on ဧရာဝတီ.
Source : http://ift.tt/2wTwG2D
via IFTTT
No comments:
Post a Comment