လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် အရာရှိများကို တရားစွဲသည့် ကုမ္ပဏီကို လယ်သမားများ ဆန္ဒပြ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ဌာနဆိုင်ရာ အရာရှိများနှင့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို တရားစွဲဆို ထားသည့် ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအား ၎င်းတို့ဒေသမှ ဖျက်သိမ်းထွက်ခွာသွားရန် မအူပင်ခရိုင် အတွင်းရှိ လယ်သမားနှစ်ထောင်ခန့်က ယနေ့ မနက်ပိုင်းက ညောင်တုန်းမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ပင်လုံရတနာကုမ္ပဏီ ကိုယ်စား ဒါရိုက်တာ ဦးမြင့်သန်းက တရားလိုပြုလုပ်၍ တရားစွဲဆိုထားသူ ၇ ဦးမှာ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ၂ ဦး၊ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးသန့်ဇော်ဦး၊ မြို့နယ် မြေစာရင်းဦးစီးမှူး ဦးကျော်လွင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်ဇော်ဝင်း၊ သဇင်ရေကျော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှစိန်နှင့် ညောင်တုန်း မြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသန်းဝင်းတို့ ဖြစ်ကြောင်း သိရသည်။ “ပင်လုံရတနာကုမ္ပဏီဟာ ဒေသခံတွေရဲ့မြေတွေ၊ အင်းချောင်းတွေကို သိမ်းခဲ့တဲ့အပြင် မှန်ကန်စွာ အလုပ်လုပ်တဲ့ ဌာနဆိုင်ရာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို တရားစွဲတဲ့အတွက် ကျနော်တို့ အဲဒီကုမ္ပဏီကို အလိုမရှိဘူး။ သူတို့ ဖျက်သိမ်းပြီး ကျနော်တို့ဒေသက ထွက်သွားဖို့ တောင်းဆိုဆန္ဒပြတာ ဖြစ်တယ်။ ပြီးတော့ တရားစွဲခံထားရတဲ့ ဌာနဆိုင်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ထောက်ခံတဲ့ အတွက် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်” ဟု ဆန္ဒဖော်ထုတ်ဖော်ပွဲ ဦးဆောင်သူတဦး ဖြစ်သည့် ဦးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။ ညောင်တုန်းမြို့နယ်ရှိ အမှတ် ၇၊ ၈၊ ၉ သလိပ် သုံးခွအင်း နယ်နိမိတ်နှင့်ပတ်သတ်၍ ဒေသခံ ရေလုပ်သား အစုအဖွဲ့နှင့် ပင်လုံရတနာကုမ္ပဏီကြား အငြင်းပွားမှုဖြစ်ပေါ်သည့်အတွက် ညောင်တုန်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းတို့ ပါဝင်သောအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း တိုင်းတာခဲ့ရာ အင်းတည်ရှိသည့် မြေဧက ၅၀ ခန့်မှာ ပင်လုံရတနာကုမ္ပဏီ လုပ်ပိုင်ခွင့်ရ မြေထဲတွင် မပါဝင်ကြောင်း ထင်ရှားပေါ်ပေါက်ခဲ့သည့်အတွက် အင်းမြေအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ အင်းမြေအဖြစ်သတ်မှတ်ခြင်း၊ လူစုလူဝေးဖြင့် ဝင်ရောက်မြေတိုင်းတာခြင်း၊ ကုမ္ပဏီဝန်ထမ်းများကို အခွင့်မရှိဘဲ ဓာတ်ပုံရိုက်ခြင်း၊ အပ်နှင်းထားခြင်း မရှိသော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးသဖြင့် ကုမ္ပဏီ၏ အသရေနှင့် ဂုဏ်သိက္ခာ ထိခိုက်သည်ဟု ကုမ္ပဏီဘက်က ပြောဆိုခဲ့သည်။ ထို့နောက် ပင်လုံရတနာကုမ္ပဏီက ညောင်တုန်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီတွင် ပါဝင်သည့် ညောင်တုန်း မြို့နယ် အမှတ် ၁ တိုင်းလွှတ်တော်အမတ် ဦးကျော်ဆန်း၊ အမှတ် ၂ တိုင်းလွှတ်တော်အမတ် ဒေါ်နီနီမိုးတို့နှင့် ဌာနဆိုင်ရာအရာရှိများကို နစ်နာကြေး ကျပ်သိန်း ၂ သောင်း ရလိုကြောင်းနှင့် အဆိုပါမြေအား ငါးမွေးမြူရန် ခွင့်ပြုထားသည့်မြေဖြစ်ကြောင်း တရားရုံးမှ မြွက်ဟကြေညာပေးရန် ပုသိမ်မြို့ရှိ တိုင်းတရား လွှတ်တော်ရုံးတွင် စက်တင်ဘာလဆန်းပိုင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပေါ် တရားစွဲသည့်အတွက် ပင်လုံရတနာ ကုမ္ပဏီအား ညောင်တုန်း မအူပင် ပန်းတနော် ဓနုဖြူနှင့် ဇလွန်ဒေသတို့မှ လယ်သမား ၂၀၀၀ ခန့် ညောင်တုန်းမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး ပင်လုံရတနာကုမ္ပဏီ ဖျက်သိမ်းပေးရန်၊ ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို တရားစွဲဆို ထားမှု ရုပ်သိမ်းပေးရန်၊ တိုင်းတရားရေးဌာနများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်းဆိုချက်များ ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ “ဒီကိစ္စမှာ ညောင်တုန်းဌာနဆိုင်ရာတွေအနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ဆောင်ရွက်တာဖြစ်လို့ ကျနော်တို့ ပြည်သူတွေကလည်း ဌာနဆိုင်ရာတွေ ဘက်ကရပ်တည်ပြီး ထောက်ခံတာပါ။ တဆက်တည်းမှာ မြေသိမ်းတဲ့ တခြားကုမ္ပဏီတွေကို ပြောချင်တာက ပြည်သူ့ဘက်က မတ်မတ်ရပ်ပြီး မှန်ကန်စွာလုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဌာနဆိုင်ရာတွေကို မမှန်မကန်တရားစွဲတာတွေ ထပ်လုပ်လာခဲ့မယ်ဆိုရင် ကျနော်တို့ ပြည်သူ တရပ်လုံးက အဲဒီ ကုမ္ပဏီကို အခုလို ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး ကျနော်တို့ဒေသကနေ ထွက်သွားဖို့ ဆန့်ကျင် ဆန္ဒပြသွားမှာ ဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ ညောင်တုန်းမြို့ခံ ဒေါက်တာ စိုးမိုးအောင်က ပြောသည်။ ပင်လုံရတနာကုမ္ပဏီနှင့် ညောင်တုန်းလွှတ်တော် ကိုယ်စားလှယ်များအမှုကို စက်တင်ဘာလ ၈ ရက် နေ့တွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းတရား လွှတ်တော်ရုံးတွင် စတင်ကြားနာခဲ့ပြီး ဒုတိယမြောက်ရုံးချိန်းအဖြစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် ကြားနာရန် ချိန်းဆိုထားသည်။ ပင်လုံရတနာကုမ္ပဏီအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက မြေအောက်ရတနာ ဖော်ထုတ်ရေးစီမံချက် အရ ညောင်တုန်းမြို့နယ် သဇင်ရေကျော်၊ ပေါက်တော၊ သဲဖြူစသည့် ကျေးရွာများအနီးရှိ မြေလွတ်မြေရိုင်း ၁၁၅၀ ဧကကို ၂၀၀၃ ခုနှစ်တွင် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းကုမ္ပဏီမှာ သလိပ်သုံးခွအင်းချောင်း ကိစ္စနှင့်ပတ်သက်၍ ဒေသခံရေလုပ်သားများနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို ဝါးတရိုး၊ နားဆွဲကုန်း၊ ပေါက်တော၊ သဲကုန်း၊ အသင်းစုစသည့်ကျေးရွာများမှ လယ်သမားများနှင့်လည်း လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ The post လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် အရာရှိများကို တရားစွဲသည့် ကုမ္ပဏီကို လယ်သမားများ ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2xxQvQD
via IFTTT
No comments:
Post a Comment