မင်းတုန်းမင်းအား ရည်မှန်း၍ ဆွေတော်မျိုးတော် သက်ကြီးပူဇော်ပွဲ ကျင်းပမည် မင်းတုန်းမင်းကြီးအား ရည်မှန်းကာ ၁၃၉ နှစ်မြောက် မတကဘတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွေတော်မျိုးတော် သက်ကြီး ပူဇော်ပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတွင် မင်းတုန်းမင်းကြီးနှင့် အိမ်ရှေ့စံ ကနောင်မင်းတို့မှ ဆင်းသက်လာပြီး သက်ရှိ ထင်ရှားကျန်ရှိသော သက်တော် ၇၀ နှင့် အထက် မြစ်တော် ၂၇ ဦးနှင့် တီတော် ၄၈ ဦး စုစုပေါင်း ၇၅ ဦးတို့အား ပူဇော်ကန်တော့ သွားမည် ဖြစ်ကြောင်း သိရသည်။ “ဆွမ်းဆပ်ကပ်လှူဒါန်းရာမှာ မင်းတုန်းမင်းကြီး နတ်ပြည်စံသက် ၆၅ နှစ်ကို ရည်မှန်းပြီး သံဃာ ၆၅ ပါးကို ဆွမ်းဆပ်ကပ် လှူဒါန်းပါမယ်၊ အဓိက ရည်ရွယ်တာက မြန်မာနိုင်ငံတခုလုံးမှာ ရှိတဲ့ ဆွေတော်မျိုးတော် အကုန်လုံး တစုတစည်းတည်း ရှိနေစေချင်တာရယ်၊ ဆွေတော်မျိုးတော်တွေ အားလုံးဟာ တသွေးတည်း စီးဆင်းနေကြတဲ့ သူတွေဖြစ်တဲ့ အတွက် စည်းလုံး ညီညွှတ်စွာ ရှိနေစေချင်တာကြောင့် လုပ်ဖြစ်တာပါ” ဟု ပျဉ်းမနားမင်းသားကြီးနှင့် ထရံဂံထိပ်ခေါင်တင် မင်းသမီးကြီးတို့မှ ဆင်းသက်လာသူ ထိပ်တင်နှင်းက ပြောသည်။ ယမန်နှစ်က ပြုလုပ်ခဲ့သည့် ဆွေတော်မျိုးတော် သက်ကြီးပူဇော်ပွဲ ဒီလှိုင်းဝင်း “မတက” ဆိုသည်မှာ “ကွယ်လွန်သူ” ဟု အဓိပ္ပာယ်ရပြီး “ဘတ္တ” ဆိုသည်မှာ “ဆွမ်း” ဟု အဓိပ္ပာယ်ရကြောင်း၊ ယင်းစကား နှစ်လုံးပေါင်းဖြစ်သည့် “မတကဘတ်” ဆိုသည်မှာ ကွယ်လွန်သူအား ရည်မှန်းကာ ဆွမ်းဆက်ကပ် လှူဒါန်းခြင်း ဖြစ်သည်။ “မင်းတုန်းမင်းတရားကြီး အတွက် ရည်စူးတဲ့ မတကဘတ်ဆွမ်း ဆက်ကပ်အလှူကို ဒုတိယကမ္ဘာစစ် ဖြစ်တဲ့ အချိန်မှာတောင် ပျဉ်းမနားမင်းသားကြီးနဲ့ ထရံဂံထိပ်ခေါင်တင်တို့က နှစ်စဉ်မပျက် ပြုလုပ်ပေးခဲ့ပါတယ်၊ စစ်အပြီး ရွှေနန်းတော်ကြီးပေါ်နဲ့ နန်းတွင်းမှာ ပြုလုပ်ခွင့် မရတော့ဘဲ ရွှေကျောင်းကြီးပေါ်မှာပဲ ပြုလုပ်ခဲ့ကြတယ်၊ ပျဉ်းမနား မင်းသားကြီးနဲ့ ထရံကာထိပ်ခေါင်တင်တို့ ကံတော်ကုန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်ကစပြီး မလုပ်ဖြစ်တော့တာ ၂၀၁၅ ခုနှစ်အထိပါပဲ” ဟု ထိပ်တင်နှင်းက ဆက်လက် ပြောသည်။ ယမန်နှစ်က ပြုလုပ်ခဲ့သည့် ဆွေတော်မျိုးတော် သက်ကြီးပူဇော်ပွဲ ဒီလှိုင်းဝင်း “အရင်က ဆိုရင် မင်းတုန်းမင်း၊ ကနောင်မင်သားကြီး၊ သီပေါမင်းတို့က ဆင်းသက်လာကြတဲ့ ဆွေတော်မျိုးတော်တွေဟာ သူ့အုပ်စုနဲ့သူ သီးသန့်နေကြတယ်၊ အဲဒီလို ကွဲနေကြရတာက ရှေးက ရှိခဲ့တဲ့ အာဃာတ တရားတွေကြောင့်ဆိုတော့ ဒီနေ့အချိန်မှာ အာဃာတ တရားတွေ ပြယ်သင့်ပြီ လို့ လူငယ်တွေက မြင်ကြတယ်၊ အဲဒီလို ကိစ္စမျိုးတွေကြောင့် သီးသန့်ကွဲနေတာမျိုးကို ခေတ်လူငယ်တွေ အနေနဲ့က လက်မခံနိုင်ကြတော့ အားလုံးဟာ ဆွေတော်မျိုးတော်တွေ ဖြစ်တယ်၊ တစုတစည်းတည်း ဖြစ်သင့်တယ် ဆိုပြီး ကုန်းဘောင်ဆက် မောင်နှမများ ခေါင်းစဉ်နဲ့ စုစုစည်းစည်းလေး ဖွဲ့စည်းနိုင်ခဲ့တာကြောင့် အခုလို ပွဲမျိုး လုပ်ဖြစ်တာပါ” ဟု ထိပ်တင်အောင်က ပြောသည်။ ယမန်နှစ်က ပြုလုပ်ခဲ့သည့် ဆွေတော်မျိုးတော် သက်ကြီးပူဇော်ပွဲ ဒီလှိုင်းဝင်း မန္တလေးတောင်ခြေရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ လက်ရှိကျောင်းထိုင်ဆရာတော်၏ ပံ့ပိုးကူညီမှုဖြင့် မင်းတုန်းမင်းကြီးအား ရည်မှန်းပြုလုပ်သည့် ပထမအကြိမ် မတကဘတ်ဆွမ်းအလှူပွဲကို ၂၀၁၅ ခုနှစ်တွင် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ယင်း မတိုင်ခင် ၂၀၁၄ ခုနှစ်တွင် ကုန်းဘောင်ဆက် မောင်နှမတစုက မင်းတုန်းမင်းကြီးနှင့် အိမ်ရှေ့စံ ကနောင်မင်းတို့မှ ဆင်းသက်လာသည့် မြစ်တော်၊ တီတော်များ သက်ကြီးပူဇော်ပွဲကို ပထမအကြိမ် စတင်ပြုလုပ်ခဲ့ကြောင်း၊ သိရသည်။ ၁၈၈၆ ခုနှစ်မှစ၍ မြနန်းစံကျော် ရွှေနန်းတော်အတွင်း မတကဘတ်ဆွမ်းကပ်ခွင့် မရခဲ့သည် မှာ နှစ်ပေါင်း ၁၃၀ ကြာမြင့် ခဲ့ပြီးမှ ၂၀၁၆ ခုနှစ်တွင် ကျရောက်သည့် ၁၃၈ နှစ်မြောက် မတကဘတ်ဆွမ်းအလှူပွဲကျမှသာ မြနန်းစံကျော် ရွှေနန်းတော် အတွင်း ပြန်လည် ကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ The post မင်းတုန်းမင်းအား ရည်မှန်း၍ ဆွေတော်မျိုးတော် သက်ကြီးပူဇော်ပွဲ ကျင်းပမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2yCT1Ui
via IFTTT
No comments:
Post a Comment