ရန်ကုန်မြို့ရှိ SME လုပ်ငန်းများ စာရင်းကောက်ယူမှု စတင် ရန်ကုန်တိုင်းဒေသကြီးရှိ အသေးစားနှင့် အလတ်စား SME လုပ်ငန်းများ အတွက် ချေးငွေနှင့် နည်းပညာနှင့် နည်းပညာများ စနစ်တကျ ပံ့ပိုးပေးရန် စာရင်းကောက်ယူမှု စတင်သည့်အနေဖြင့် လာမည့် အောက်တိုဘာလမှ စတင်ကာ တောင်ဒဂုံမြို့ နယ်ကို ရှေ့ပြေးစီမံကိန်းအဖြစ် စတင်စာရင်းကောက်ယူမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ဒသမအကြိမ်မြောက် လစဉ် ပုံမှန် အစည်းဝေး၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ SMEနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်အစည်းအဝေးပွဲတွေ လုပ်ခဲ့ပါတယ်။ စာရင်းကောက်ယူဖို့်အတွက် ပုံစံတွေလဲ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ တောင်ဒဂုံကို ကျနော်တို့ ရှေ့ပြေးစီမံကိန်းအနေနဲ့ ဒီအောက်တိုဘာလက စတင်ပြီး ကောက်မှာ ဖြစ်ပါတယ်’’ဟု ပြောသည်။ အဆိုပါ SME လုပ်ငန်းများကို စာရင်းကောက်ယူရာတွင် ကျူးကျော်အိမ်ထောင်စုများကို စာရင်းကောက်ယူသကဲ့သို့ ကွန်ပျူတာ ဆော့ဖ်ဝဲစနစ်တခု အသုံးပြုပြီး ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာနယ်နိမိတ်နှင် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ စုစုပေါင်း မြို့နယ် ၄၅ ခုကို အခြေပြု လုပ်ဆောင်သွားမည်ကြောင်း သိရသည်။ ‘ဘာကြောင့်လဲဆိုတော့ SME တွေအာလုံးကို စာရွက်ပေါ်မှာရေးပြီး မှတ်တမ်းတင်ထားတာထက်စာရင် ကွန်ပျူတာ စနစ်နဲ့ အသေးစိတ်ဆောင်ရွက်ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ၎င်းကပြောသည်။ တောင်ဒဂုံမြို့နယ်ရှိ SME လုပ်ငန်းများကို စတင်ကောက်ယူရခြင်းရမှာ စက်မှုဇုန်များရှိနေခြင်းကြောင့် ဖြစ်ပြီး ယင်းမြို့နယ်ရှိ Micro Level အသေးစား တနိုင်တပိုင် လုပ်ငန်းများဖြစ်သည့် SME လုပ်ငန်းများအထိ စာရင်းကောက်ယူရန် တိုင်းအစိုးရမှ ပြင်ဆင်နေလျက်ရှိသည်။ ဦးဖြိုးမင်းသိန်းက “ဒီပေါ်ကနေ ငွေကြေးကိုပေးနိုင်ဖို့်အတွက်လည်း ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီမြို့နယ် မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ မြေပြင် အခြေအနေအထိ ဒီလုပ်ငန်းရှင်တွေကို ဘယ်လိုကူညီ ပေးလိုက်ရင် အောင်မြင်သွားနိုင်မလဲ ဆိုတဲ့ အချက်ပေါ်ကနေ မူတည်ပြီး သူ့ကို Proposal တခုပြင်ဆင်ပြီး စီးပွားရေး ပရောဂျက်တခု ရေးဆွဲပြီးတော့မှ ချေးငွေကို ကူညီပေးတာက အကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဒါမှမဟုတ်ရင် သူဟာ အတိုးဝန်ထုပ်ဝန်ပိုးတခုကို ထပ်ပြီး တက်လာနိုင်ပါတယ်’ဟု ရှင်းပြသည်။ SME လုပ်ငန်းများကို ချေးငွေကူညီရန်အတွက်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို လာမည့် ဒီဇင်ဘာလကုန်တွင် ဥပဒေအသစ် ပြန်လည်ပြင်ဆင်ပြီး မြို့တော်ဘဏ်ကို အဆင့်မြင့်တင်၍ ယင်းဘဏ်မှ တဆင့် မြို့နယ်အလိုက် စာရင်းကောက်ယူထားသော SME လုပ်ငန်းများကို တိုက်ရိုက်ချေးငွေ အကူအညီပေးမည် ဖြစ်ကြောင်း၊ မြို့တော်ဘဏ်မှ ချေးငွေများ တိုက်ရိုက်ကူညီရာတွင် အာမခံစနစ်ကို ကြားခံထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ မြောက်ဥက္ကလာပ မြို့နယ် မှ ပလပ်စတစ်ဗူး အသေးစားလုပ်ငန်းရှင် ဦးဟန်ရွှေ “အခုလို ဝန်ကြီးချုပ်က ကူညီမယ်ဆိုရင်ကောင်းပါတယ်။ ကျနော်တို့က လုပ်ငန်းထပ်ပြီးတိုးချဲ့တဲ့အခါ လုပ်ငန်းအလိုက် လိုအပ်တာတွေရှိတယ်။ ချေးငွေနဲ့ မြေနေရာလိုသလို ဘဏ်တွေက ချေးငွေချေးရင် အခုက စာရွက်အထောက်အထားတွေက များတယ်။ ဒါကြောင့်ကူညီမယ်ဆိုရင် ပိုကောင်းမှာပါ”ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အသေးစားနှင့် အလတ်စား လုပ်ငန်း စုစုပေါင်း ၈၀၀၀ ကျော်ရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန SME ဖွံ့ဖြိုးတိုးတက်ရေးဌာန စာရင်းများအရ သိရသည်။ The post ရန်ကုန်မြို့ရှိ SME လုပ်ငန်းများ စာရင်းကောက်ယူမှု စတင် appeared first on ဧရာဝတီ.
Source : http://ift.tt/2yADZ1a
via IFTTT
No comments:
Post a Comment