Saturday, September 23, 2017


Lethwel Nation Fight ရိုးရာလက်ဝှေ့နိုင်ငံတကာပွဲကျင်းပမည် မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်ဖြစ် နိုင်ငံခြားသား တွဲဆိုင်းများပါဝင်မည့် Lethwel Nation Fight မြန်မာရိုးရာ လက်ဝှေ့ပွဲကို ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ ဒိုင်းမွန်ပလာဇာတွင် စက်တင်ဘာ ၂၄ ရက်နေ့ နေ့လည် ၁ နာရီ တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ “ပြည်ပကစားသမားတွေက မြန်မာရိုးရာလက်ဝှေ့ကို လာရောက်ထိုးသတ်ကြရတာကို ဂုဏ်ယူကြတယ်။ပြည်ပကစားသမားတွေထဲက ရိုးရာလက်ဝှေ့ထိုးသူတွေ ပျံနှံ့သွားမယ်ဆိုရင် နောင်တချိန် အဲဒီနိုင်ငံတွေမှာ ရိုးရာလက်ဝှေ့ပွဲတွေ သွားရောက်စီစဉ်နိုင်မယ်၊ အဲဒီလိုမျှော်မှန်းချက်နဲ့ အခုလို နိုင်ငံတကာပွဲတွေစီစဉ်ပြီး မျိုးစေ့ချနေတဲ့သဘောပါပဲ”ဟု မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ နိုင်ငံတကာပွဲများ စီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။ အဆိုပါပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှုး၍ မန္တလေးတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာပွဲများအဖြစ် ဘရာဇီး၊ ထိုင်း၊ ကမ္ဘောဒီယားနိုင်ငံများ မှ နာမည်ကျော်လက်ဝှေ့ကစားသမားများနှင့် မြန်မာနိုင်ငံမှ နာမည်ကျော်လက်ဝှေ့ကစားသမားများ ယှဉ်ပြိုင်ကြမည့် တွဲဆိုင်းများ ပါဝင်ကြောင်း သိရသည်။ မန္တလေးမြို့မှနေ၍ ယခင်အချိန်များက နာမည်ကျော်ရိုးရာလက်ဝှေ့ကစားသမားအများအပြားပေါ်ထွက်လာခဲ့သော်လည်း ယခုအခါ ကစားသမားထွက်ပေါ်လာမှု အလွန်နည်းလာပြီး မျိုးဆက်ပြတ်သလိုဖြစ်နေကြောင်း၊ ၁၉၂၀ ခုနှစ်ဝန်းကျင်က မန္တလေးတွင် လက်ဝှေ့ကလပ်များ၊ ကစားသမားများ အများကြီးရှိခဲ့သဖြင့် မြန်မာပြည် အထက်/အောက် ယှဉ်ပြိုင်ကြသည့် ရိုးရာလက်ဝှေ့ပွဲများ မကြာခဏလုပ်ဖြစ်သည်။ ထို့ကြောင့် မန္တလေးမှ ရိုးရာလက်ဝှေ့ကစားသမားများများ ပေါ်ထွက်လာ စေရန်ဆိုသည့် ရည်ရွယ်ချက်အပြင် မန္တလေးက လက်ဝှေ့ဝါသနာရှင်များအတွက် ယခုလို နိုင်ငံတကာပွဲကြီးကို ကျင်းပပြု လုပ်ပေးရခြင်းဟု သိရသည်။ “လက်ရှိအချိန်မှာ ပြည်ပကစားသမားတွေက မြန်မာနိုင်ငံမှာ မြန်မာကစားသမားတွေနဲ့ လာရောက် ထိုးသတ်ယှဉ်ပြိုင်ကြ တယ်၊ မြန်မာကစားသမားတွေအနေနဲ့ လက်ရှိအချိန်မှာဆိုရင် ထိုင်းနိုင်ငံမှာသွားရောက်ပြီး မွေ့ထိုင်းလက်ဝှေ့ သွားရောက် ထိုးနေတာရှိတယ်၊ နောင်တချိန်မှာ အဲဒီနိုင်ငံတွေမှာလည်း ရိုးရာလက်ဝှေ့ပွဲတွေ ထိုးနိုင်အောင် စီစဉ်တော့မှာဖြစ်ပါတယ်” ဦးစိုင်းဇော်ဇော်က ပြောသည်။ ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း၌ ရိုးရာလက်ဝှေ့ နိုင်ငံတကာပွဲများကို မကြာခဏပြုလုပ်နေလျက်ရှိပြီး Lethwel Nation Fight ရိုးရာလက်ဝှေ့ နိုင်ငံတကာပွဲ ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့တွင် ကျင်းပပြု လုပ်ပေးခဲ့ပြီး ယခု ပြုလုပ်မည့် Lethwel Nation Fight ရိုးရာလက်ဝှေ့ နိုင်ငံတကာပွဲသည် ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ် ကာ မန္တလေးမြို့အတွက် ပထဆုံးအကြိမ် နိုင်ငံတကာပွဲဟု သိရသည်။ “ကျနော် လက်ဝှေ့ထိုးရတာကို ဝါသနာပါတယ်၊ လက်ဝှေ့အားကစားနဲ့ နိုင်ငံဂုဏ်ဆောင်နိုင်အောင် ကြိုးစားနေတယ်၊ ပြည်ပကစားသမားတွေနဲ့ ယှဉ်ပြိုင်ထိုးခဲ့တာ ပွဲနှစ်ဆယ်ကျော်ပါပြီ၊ နိုင်ငံခြားသားတွေနဲ့ယှဉ်ပြိုင်တဲ့အခါ အားကစား စိတ်ဓာတ်ကိုပဲ ဦးစားပေးယှဉ်ပြိုင်ပါတယ်၊ အခုပွဲမှာလည်း အားကစား စိတ်ဓာတ်ကို အခြေခံပြီးတော့မှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ”ဟု ၂ နှစ်ဆက်တိုက် ရွှေခါးပတ်ချန်ပီယံ ရဲသွေးနီက ပြောသည်။ ယခုပွဲတွင် နိုင်ငံခြားသား တွဲဆိုင်းများအဖြစ် သပြေညို(မြန်မာ)နှင့် နာရူတို(ထိုင်း)၊ သွေးသစ်အောင်(မြန်မာ)နှင့် ဂိုမက်စ်ဒီ ဆေးဗား (ဘရာဇီး)၊ ရဲသွေးနီ(မြန်မာ)နှင့် လိုင်ဖေး (ကမ္ဘောဒီယား)၊ စောဖိုးခွား(မြန်မာ)နှင့် ချန်ပိုလစ်(ထိုင်း)၊ ကရင်လေး(ခ)ဖဒါဝယ် (မြန်မာ)နှင့် ကွန်ကရိုင် (ထိုင်း) တွဲဆိုင်းများပါဝင်မည်ဖြစ်သလို ပြည်တွင်းတွဲဆိုင်းများ၊ မန္တလေးမှ မျိုးဆက်သစ် လူငယ်တွဲဆိုင်း ၃ တွဲ အပါအဝင် တွဲဆိုင်း ၁၂ တွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယခုအခါ မြန်မာရိုးရာလက်ဝှေ့အားကစားနည်းကို ပြည်ပပွဲများအဖြစ် စင်ကာပူနိုင်ငံတွင်သုံးကြိမ်၊ ဂျပန်နိုင်ငံတွင် ၅ ကြိမ် ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။ The post Lethwel Nation Fight ရိုးရာလက်ဝှေ့နိုင်ငံတကာပွဲကျင်းပမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wNdyn5
via IFTTT

No comments:

Post a Comment