Saturday, September 30, 2017


ပေါ်လစီသီချင်းတွေကို မရေးချင်လည်း ရေးခဲ့ရတာပါပဲလို့ဆိုတဲ့ တေးရေးနိုင်မင်းနဲ့ တွေ့ဆုံခြင်း ဂီတအနုပညာသမား တေးရေးဆရာ နိုင်မင်းကို မဇ္ဈိမလှိုင်းနဲ့တွဲပြီး လူသိများတယ်။ သူဖန်တီးခဲ့တဲ့ တေးသီချင်းတွေများစွာရှိတယ်။ အသံချိုချို အေးအေးလေးနဲ့ သူ့သီချင်းတွေက ဂီတပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တယ်။ ပထမဆုံး တေးသီချင်းဖြစ်တဲ့ အတွေးပန်းချီသီချင်းက သူ့ကို တေးရေးဆရာတယောက်အဖြစ် ပရိတ်သတ်က အသိအမှတ်ပြုခဲ့ကြတယ်။ အဆိုတော်ခင်မောင်တိုးအတွက် တခွေလုံး သီချင်းတွေ ရေးဖွဲ့ခဲ့သလို ပန်းပျိုးသူတို့အလင်္ကာ၊ ပိတောက်ပင်လယ် စတဲ့ ရုပ်ရှင်သီချင်းတွေလည်း ရေးဖွဲ့ခဲ့သူဖြစ်တယ်။ သူ့နေအိမ်မှာ ပြင်သစ်လို ဒဏ္ဍာရီ (Leyenda Classical Guitar Class)လို့ အမည်ပေးထားတဲ့ ကလပ်စစ်ကယ်လ်ဂစ်တာသင်တန်းဖွင့်ထားတယ်။ ကျနော်တို့ တေးရေး ကိုနိုင်မင်း အိမ်ရောက်ချိန်မှာ တေးရေးဆရာ ကိုလင်းခိုင်နဲ့ ကိုနိုင်မင်း တန်းလျားခုံမှာ စကားလက်ဆုံကျနေကြတယ်။ သူ့အိမ်ထဲမှာ ကလပ်စ်ကယ်လ် ဂစ်တာသုံးလက် နံရံမှာ ချိတ်ဆွဲထားတာ တွေ့ရတယ်။ ကိုနိုင်မင်းရဲ့ပုံတူပန်းချီကားကို အိမ်အတွင်းက နံရံမှာ ဘောင်ကြပ်ချိတ်ဆွဲထားတယ်။ တေးရေးဆရာ နိုင်မင်းက တေးသီချင်းတွေ ရေးဖွဲ့ရုံမက ကိုယ်တိုင် သီဆိုတီးခတ်သူလည်းဖြစ်တယ်။ ဘယ်အရာတွေက သီချင်းရေးဖို့ တွန်းအားဖြစ်စေခဲ့သလဲ။ သီချင်းတပုဒ် ဖန်တီးဖို့ သူဘယ်လို အားထုတ်သလဲ။ မြန်မာ့ဂီတနဲ့ ကမ္ဘာ့ဂီတ ဘယ်လိုတွေ ဆက်စပ်မှုရှိနိုင်သလဲ။ သူဖြတ်သန်းခဲ့ရတဲ့ ဂီတအနုပညာလောကမှာ ဘာတွေကြုံတွေ့ခံစားခဲ့ရသလဲသိဖို့ ကိုနိုင်မင်း နေထိုင်ရာ မန္တလေးမြို့ ၈၆လမ်း (ကုန်စည်ဒိုင်အနီး)က ဧရာဝတီရဲ့ပင်တိုင်ဆောင်းပါးရှင် သန်းနိုင်ဦးက နေအိမ်မှာ သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။ ကလပ်စစ်ကယ်လ် ဂစ်တာကြိုးညှိနေတဲ့ ကိုနိုင်မင်းက ကျနော်တို့ကိုမြင်တော့ နှုတ်ဆက်စကား ဆိုတယ်။ စကားစမြည်ပြောပြီးတော့ ကျနော်တို့ရဲ့တွေ့ဆုံမေးမြန်းမှုကို စတင်ပါတယ်။ မေး ။ ။ ဘယ်အရွယ်မှာ ကိုယ်ပိုင် ဂစ်တာတလက် စဝယ်ပါသလဲ။ ဖြေ ။ ။ အသက် ၁၅နှစ်အရွယ်မှာ ကိုယ်ပိုင်ဂစ်တာ စဝယ်တယ်။ အိမ်က အားပေးတာလည်း မဟုတ် ကန့်ကွက်တာလည်း မဟုတ်။ ဒီအတိုင်းပဲ ကြည့်နေလိုက်ကြတယ်။ ဘာမှတော့ မပြောဘူး။ ကျနော် ဂစ်တာ စဝယ်တော့ စိုင်းထီးဆိုင်ရဲ့မန္တလေးရောက် ရှမ်းတယောက်သီချင်း နာမည်ကြီးနေချိန်။ ကျနော်က ၈ တန်းကျောင်းသား ဘဝရှိသေးတာ။ သူငယ်ချင်းတွေက ကျနော်ကို ဂစ်တာတီးသင်ပေးကြတယ်။ မေး ။ ။ ကိုနိုင်မင်းကိုယ်တိုင် ကဗျာအချို့ကို ဂီတသံစဉ်သွင်းပြီး သီချင်းရေးစပ်ခဲ့တာ ရှိတယ်။ ဂီတနဲ့ ကဗျာ ဘယ်လောက် ဆက်စပ်မှုရှိသလဲ။ မေး ။ ။ ဆက်စပ်မှုရှိတာပေါ့။ ကျနော် တဦးတည်းအမြင်အရ ကဗျာက ပိုလွတ်လပ်တယ်။ ဂီတကတော့ သံစဉ်နဲ့ ထိန်းချုပ်ထားတယ်။ ဒါပေမယ့် ဂီတနဲ့ကဗျာဆိုတာ အနုပညာ ညီအကိုမောင်နှမတွေပါပဲ။ မေး ။ ။ သီချင်းတပုဒ် ရဖို့ ဘယ်လိုတွေ မုဒ် သွင်းရပါသလဲ။ ဖြေ ။ ။ အမျိုးမျိုး စဉ်းစားရတယ်။ တချို့က ခေါင်းစဉ်ပေးပြီး သီချင်းရေးဖွဲ့ခိုင်းတာရှိတယ်။ ဥပမာ ပန်းပျိုးသူတို့အလင်္ကာလို ရုပ်ရှင်သီချင်းတွေပေါ့။ ခေါင်းစဉ်ပေးပြီး အပ်တာက ပိုပြီး အားစိုက်ရတယ်။ ကျနော်က များသောအားဖြင့် သီချင်းရေးပြီးမှ သီချင်းခေါင်းစဉ် ပေးလေ့ရှိတယ်။ မေး ။ ။ ကိုနိုင်မင်း လေးစားအားကျခဲ့ရတဲ့ တေးရေးဆရာတွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက ခေတ်ပြိုင်တွေ ဖြစ်မလဲ။ ဖြေ ။ ။ ကိုမောင်မောင်၊ ကိုနေဝင်း၊ စိုင်းခမ်းလိတ်၊ ကိုရဲလွင်တို့ကို လေးစားအားကျတယ်။ ကျနော်က မန္တလေးသား ဖြစ် တော့ ဆရာငြိမ်း(မြို့မငြိမ်း)တို့ ဆရာတင်( နန်းတော်ရှေ့ ဆရာတင်) တို့လည်း ငယ်စဉ်ကတည်းက နားယဉ်ပြီး စွဲလန်းခဲ့ရတယ်။ ဆရာ ရွှေပြည်ဧကတော့ နည်းနည်းအသက်ကြီးမှ ကြိုက်လာတဲ့တေးရေးဆရာပေါ့။ ကိုဆူးတို့ကိုဆဲလ်တို့က ကျနော့်ထက် ရှေ့နည်းနည်းစောတယ်။ သော်ဒီဝေ၊ ဝင်းမင်းထွေး၊ နိုင်းနိုင်၊ မြင့်မိုးအောင်တို့ကတော့ ရှေ့ဆင့်နောက်ဆင့်ပါပဲ။ တေးရေးဆရာ နိုင်မင်း မေး ။ ။ ဂီတလောကထဲ ဘယ်လိုရောက်လာတာလဲ။ ဖြေ ။ ။ကိုခင်မောင်တိုးရဲ့မဟာဆန်သူခွေ (၁၉၈၅) မှာ ကျနော့်သီချင်း အတွေးပန်းချီ စပါလာတယ်။ အဲဒီသီချင်းက မှတ်မှတ်ရရ ၁၉၈၄ မန္တလေးမှာ ဦးကျားကြီးဝင်း မီးလောင်တော့ မီးလောင်ပြင်ထဲမှာ သွားရင်းလာရင်း အချိန်တွေမှာ ရေးဖွဲ့ခဲ့တာပါပဲ။ အဲဒီသီချင်းအတွက် မှတ်မှတ်ရရ သီချင်းရေးခ ကျပ် ၅၀၀ ရတယ်။ အိမ်ကို တဝက်ပေးလိုက်တယ်။ ကျန်တဝက်ကို သူငယ်ချင်းတွေနဲ့ သုံးလိုက်ကြတယ်။ ကိုခင်မောင်တိုးအတွက် ရေးဖွဲ့ပေးခဲ့တဲ့ သီချင်းတွေကတော့ အများကြီးပါပဲ။ မေး ။ ။ သီချင်းစာသားတွေကို စိစစ်ရေးတင်ခဲ့ရတဲ့ကာလက အခြေအနေတွေ ပြောပြပေးပါဦး။ ဖြေ။ ။ ကျနော်ရေးဖွဲ့တဲ့ သီချင်းတွေလည်း နှစ်ခါသုံးခါ စိစစ်ရေးဖြုတ်လို့ ပယ်ခဲ့ရတာတွေ ရှိတယ်။ ကျစ်ကျစ်လစ်လစ် ရေး ဖွဲ့ထားတဲ့ သီချင်းတွေက စိစစ်ရေးကြောင့် ပြင်လိုက်ရတဲ့အခါ ပျက်သွားရတာတွေလည်း ရှိတာပေါ့။ ကိုခင်မောင်တိုး၊ စိုင်းထီးဆိုင်၊ စံလင်း ၃ ယောက်ပေါင်းခွေမှာ ကျနော့်သီချင်း တပုဒ်လုံး အဖြုတ်ခံရတော့ ကိုအောင်ဝင်းက ရေးပေးတယ်။ အဲဒီတုန်းက သီချင်းခွေတိုင်းမှာ ပေါ်လစီသီချင်း (အကျိုးပြုသီချင်း) မပါမနေရ ထည့်ခဲ့ကြရတယ်။ ပေါ်လစီသီချင်းတွေကို မရေးချင်လည်း ရေးခဲ့ရတာပါပဲ။ ပေါ်လစီသီချင်းတွေလည်း ပေါက်တဲ့အခါ ပေါက်သွားတာပဲ။ ကျနော်ရေးခဲ့တဲ့ ရှေ့သို့အားမာန် ဆိုတာ ပေါက်ခဲ့တဲ့ပေါ်လစီ သီချင်းပေါ့။ စိစစ်ရေး ပြင်ခိုင်းလိုက်လို့ မူလစာသားထက် ကောင်းခဲ့တဲ့ သီချင်းတွေလည်း ရှိတယ်။ ဒါပေမယ့် စိစစ်ရေးကြောင့် ပျက်သွားတာကတော့ ပိုများတယ်။ မေး ။ ။ ကိုနိုင်မင်းက သီချင်းရေးဖွဲ့ပေမယ့် ဝိုင်းတွေမှာ ကိုယ်တိုင်မတီးခတ်တာ ဘာလို့လဲ။ ဖြေ ။ ။ ကျနော်ကိုယ်တိုင်က Player ပလေယာမှ မဟုတ်တာ မတီးပါဘူး။ မေး ။ ။ ကိုခင်မောင်တိုး သီချင်းတွေထဲက ဘယ်သီချင်းကို အကြိုက်ဆုံးလဲ။ ဖြေ ။ ။ ကိုမောင်မောင်ရေးဖွဲ့ခဲ့တဲ့ နက္ခက်ပွဲသဘင်ကို အကြိုက်ဆုံးပဲ။ အဲဒီသီချင်းကို စာရေးဆရာ ကိုနိုင်ဇော်တို့အဖွဲ့က ဆုပေးဖူးတယ်။ သီချင်းစာသားတွေက သွက်တယ်။ ဂီတသံစဉ်က မြန်တယ်။ နုတယ်။ သံစဉ်တွေ စကားလုံးတွေကလည်း ပြေပြစ်တယ်။ မေး ။ ။ တေးရေး ကိုမောင်မောင်ရဲ့လွှမ်းမိုးမှုက ဘယ်လောက်ထိ ရှိခဲ့သလဲ။ ဖြေ ။ ။ ကိုမောင်ကြောင့် ကလပ်စစ်ကယ်လ်နဲ့အတူ ဂီတအခြေခံကို ကောင်းကောင်း သိခဲ့ရတယ်။ စာပေရေးရာတွေကို လေ့လာဖြစ်ခဲ့တယ်။ စာဖတ်ဖို့ စာပေလေ့လာဖို့ အမြဲတိုက်တွန်းခဲ့တယ်။ သူကိုယ်တိုင်လည်း အင်္ဂလိပ်စာအုပ်တွေ ဖတ်ခဲ့တဲ့သူဖြစ်တယ်။ အနေအေးဆေးသူလည်း ဖြစ်တယ်။ မေး ။ ။ ကိုယ်ပိုင်သီချင်းခွေ ထုတ်ခဲ့ပုံလေး ပြောပြပါဦး။ ဖြေ ။ ။ ၁၉၉၄ ခုနှစ်မှာ သီချင်းသစ်ပင်ဆိုတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းခွေ ထုတ်ခဲ့တယ်။ တေးရေးတွေက ကိုရဲလွင်၊ ကို မောင်မောင်၊ ကိုအောင်ဝင်း၊ ကိုလင်းခိုင်၊ ကိုထွန်းထွန်းတို့ရဲ့သီချင်းတွေနဲ့ ထုတ်ခဲ့တာပေါ့။ မေး ။ ။ အရှေ့တိုင်း ဂီတနဲ့ အနောက်တိုင်းဂီတ ဘယ်လို ကူးလူးကြလဲ။ ဖြေ ။ ။ ဂီတရဲ့သဘောက ကူးလူးဆက်စပ်မှု ရှိတယ်။ ကလပ်စစ်ကယ်လ်ဂီတမှာ အရှေ့တိုင်းပုံရိပ်တွေ အနောက်တိုင်း ဂီတတွေမှာ တွေ့ရတယ်။ အခုခေတ်စားနေတဲ့ အိုရမ်ဘာဘာဆိုတာ အီတလီက တေးရေးဆရာပဲ။ အယ်လ်ဂျီးရီးယားလူမျိုး ပြင်သစ်နိုင်ငံသား ရိုလင်းဒိုင်းရဲ့တေးသွားတွေမှာလည်း အရှေ့တိုင်း အငွေ့အသက်တွေ တွေ့နေရတယ်။ မေး ။ ။ ဂီတနဲ့ မူးယစ်ဆေးဝါး ဘယ်လိုဆက်စပ်မှု ရှိသလဲ။ (ဒီမေးခွန်းကို အရဲစွန့်ပြီး မေးပါတယ်။ ကိုနိုင်မင်းက ကျ နော့်မေးခွန်းကို ချက်ချင်းမဖြေဘဲ ပြုံးပါတယ်။ အခုအခါ ကိုနိုင်မင်းက ဆေးလိပ်တောင် မသောက်တော့ပါဘူး။) ဖြေ ။ ။ ကျနော်ကိုယ်တိုင် မူးယစ်ဆေးကို စမ်းသပ်ဖူးတယ်။ မူးယစ်ဆေးကို မသုံးပါနဲ့။ မသုံးတာက ပိုကောင်းပါတယ်။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ ရေးခဲ့တဲ့ သီချင်းတွေနဲ့ အဲဒီအရင် ရေးခဲ့တဲ့ သီချင်းတွေ နှိုင်းယှဉ်ကြည့်ရင် မသုံးတော့တဲ့အချိန်မှာ ရေးဖွဲ့ခဲ့တဲ့ အနုပညာတွေကို ပိုပြီး အားရကျေနပ်မိတယ်။ တူရိယာတွေကို တီးခတ်ရာမှာလည်း မူးယစ်ဆေး မသုံးဘဲ တီးခတ်တာက ပိုကောင်းပါတယ်။ မေး ။ ။ အရင်ခေတ်က သီချင်းတွေမှာ နိုင်ငံရေး နိမိတ်ပုံတွေ ထည့်သွင်းရေးဖွဲ့ခဲ့ကြတာ ဟုတ်ပါသလား။ ဖြေ ။ ။ သေချာတာပေါ့။ ခင်မောင်တိုးရဲ့ဝေးခဲ့ပြီ ပန်းခရမ်းပြာတို့ မွန်းအောင်ရဲ့ညလွင်ပြင်၊ ထူးအိမ်သင်ရဲ့ရာဇဝင်များရဲ့ သတို့သမီး သီချင်းတွေက နိုင်ငံရေးအရိပ်အငွေ့ပါတဲ့ သီချင်းတွေပေါ့။ သီချင်းထွက်လာကတည်းက ကျနော်တို့ အချင်းချင်းက သိတယ်။ ကိုမောင်မောင် ရေးဖွဲ့ခဲ့တဲ့ ကြိုးကြာသံ၊ ကိုနေဝင်းရဲ့ လွန်ခဲ့သောနေ့ သီချင်းတွေကလည်း နိုင်ငံရေးပုံရိပ်တွေ ထည့်သွင်းရေးဖွဲ့ခဲ့ကြတာပါပဲ။ The post ပေါ်လစီသီချင်းတွေကို မရေးချင်လည်း ရေးခဲ့ရတာပါပဲလို့ဆိုတဲ့ တေးရေးနိုင်မင်းနဲ့ တွေ့ဆုံခြင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2x3wKNu
via IFTTT

No comments:

Post a Comment