Sunday, September 24, 2017


ဖားကန့်မြို့နယ်အတွင်း တပ်မတော်က သွားလာခွင့် ပိတ်ထားသဖြင့် ခရီးသွားသူ ၇၀၀ ကျော် ပိတ်မိနေ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဒွမ်ဘန်ရွာအနီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ခရီးသွားကားများကို ငွေကြေးကောက်ခံနေသည်ဟုဆိုကာ တပ်မတော်၊ တပ်ဖွဲ့ဝင်များက ကား အစီး ၇၀ ကျော်ကို ခရီးဆက်လက်ထွက်ခွင့်မပြုပဲ တားဆီးထားသဖြင့် ခရီးသွားပြည်သူ ၇၀၀ ကျော် ပိတ်မိနေကြောင်း သတင်းရရှိသည်။ ဒွမ်ဘန်ရွာအနီး အခြေစိုက်သည့် အမှတ် ၂၉၈ ခြေမြန်တပ်ရင်းမှ ခရီးသွားကားများကို စက်တင်ဘာလ ၂၂ ရက်၊ နေ့လည်ပိုင်းမှ စ၍ တားမြစ်ထားရာ ပိတ်မိနေသည့် ခရီးသည် ဦးရေ ၇၀၀ ကျော်ရှိပြီး ကိုယ်ဝန်သည်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ ၂၀ ဦးထက် မနည်းပါဝင်ကြောင်း သိရသည်။ အမှတ် ၂၉၈ ခြေလျင်တပ်ရင်းက မြစ်ကြီးနားသို့ ဆင်းမည့် ကားများကိုလည်း ပိတ်ထားပြီး တနိုင်းသို့ တတ်မည့် ကားများကိုလည်း ဒွမ်ဘန်ရွာထိပ်တွင် တားမြစ်ထားခြင်း ဖြစ်သည်။ တားဆီးခံထားရသည့် ကားအစီး ၇၀ ကျော်တွင် မြစ်ကြီးနားမှ တနိုင်းသို့ သွားနေသည့် ခရီးသွားကားများ၊ မြစ်ကြီးနားမြို့မှ တနိုင်းမြို့သို့ စက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ကုန်ကား ကြီးများလည်း ပါဝင်သည်။ မြစ်ကြီးနား -တနိုင်း ခရီးသည်တင်ကာာ မောင်းနေသည့် ကားဆရာ ကိုစိုင်းက “ ၂၂ ရက်တည်းက ဖားကန့်၊ လဝါးအကျော်မှာ KIA တွေက ကောက်နေလို့ တပ်က ပိတ်ထားတာ။ ကျနော်တို့ လိုင်းကား၊ ကားသေးတွေ က တနှစ်စာ ၅ သောင်း ဆောင်ပြီး ဖြတ်ပိုင်းရထားတယ်။ အဲဒါ ပြလိုက်ရင် ထပ်မတောင်းဘူး။ ခရီးသည် တွေကတော့ ပုံမှန်ဆို တယောက် ၅၀၀၀ ပေးရတယ်” ဟု ပြောသည်။ ဖြတ်သန်းသွားလာနေကျ ကားဆရာများကို မေးမြန်းကြည့်ရာ KIA မှ ကားသေးကို တနှစ်လျှင် ငါးသောင်းကျပ် ပေးဆောင်ရပြီး ကားကြီးများကို တသိန်းမှ နှစ်သိန်းကျပ်အထိ ကောက်ခံသည်ဟု ပြောကြသည်။ ကားဆရာတဦးက “ဒီလမ်းမှာ လုပ်ရကိုင်ရတာ ခက်တယ်ဗျာ။ ပိတ်မိပြီဆို ၃ ရက် အနည်းဆုံးပဲ။ တခါ တလေ တောလမ်းမှာ တိုက်ပွဲဖြစ်လည်း ကိုယ့်ဘာသာ နားစွင့် ရှောင်ရတယ်။ ကြုံနေကျမို့ ကျနော်ကတော့ ဖျာ၊ အခင်း၊ တကိုယ်ရည်သုံးဖို့တွေက အသင့်ဆောင်ထားတာ” ဟု ပြောသည်။ ပိတ်မိနေသူများထဲတွင် မြစ်ကြီးနားမြို့သို့ သွားမည့်သူများအပြင် မန္တလေး၊ ရှမ်းပြည်နယ်၊ ရန်ကုန်၊ ပခုက္ကူ စသည့်မြို့များသို့ ခရီးဆက်မည့် သူများလည်း ပါရှိသည်။ မြစ်ကြီးနားမြို့သို့ ပြန်မည့် ဒေါ်ဆာမီက “ ဒီမှာက အိပ်စရာနေရာလည်း မရှိ၊ အပေါ့အပါးသွားစရာလည်း ခက်တော့ အဆင်မပြေဘူး။ ကျမတို့ အရင်တုန်းကလည်း ၁၀ ကြိမ်ထက်မနည်း ဒီလမ်းကို သွားနေတာပါ။ KIA နဲ့ တွေ့ရင်တော့ ပေးလိုက်တာပဲ ။ ပေးလိုက်ရင် အဆင်ပြေတယ်။ ဒီမှာ ပိတ်မိနေတာက စားစရိတ် ပိုကုန်တယ်” ဟု ပြောသည်။ ခရီးသွားအချို့မှာလည်း ငွေကြေးအနည်းငယ်သာ ပါလာသဖြင့် ဒွမ်ဘန်တွင် ပိတ်မိနေသည့် ၃ ရက်အတွင်း စားစရိတ်များ ကုန်နေပြီဟုဆိုကာ ပြောဆိုကြသည်။ ဒွမ်ဘန်ရွာထိပ်တွင် တားဆီးခံထားရသည့် ကားများကို စောင့်ကြပ်နေသည့် တာဝန်ကျ တပ်မတော်သား တဦးက စစ်ရေးအခြေအနေ တင်းမာလာပါက ခရီးသွားကားများ မပိတ်နေစေရန် တားမြစ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းက “ခရီးသည် တယောက်ကို ၅၀၀၀ သာပြောတာ အခု လူအများကြီးဆို သူတို့ ပိုက်ဆံကို ဆာလာအိတ်လိုက် ရမှာ။ ဒီကောင်တွေက အမြဲကောက်နေတာ။ တချို့ခရီးသည်တွေက ကျနော်တို့က တမင်ကြန့်ကြာအောင် လုပ်နေတယ်လို့ ထင်နေတယ်” ဟု ပြောသည်။ စက်တင်ဘာလ ၂၄ ရက်၊ မနက်ပိုင်းတွင် ပိတ်မိနေသည့် ခရီးသွားကား ၇၀ ကျော်အနက် ၆ စီးကို သွားခွင့်ပြုရာ လမ်းတွင် KIA တပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံနေသဖြင့် အခြားကားများကို ဆက်လက် သွားခွင့် မပြုနိုင်ပါဟု အမှတ် ၂၉၈ ခြေလျပ်တပ်ရင်းမှ တပ်မတော်သားများက ပြောသည်။ လက်ရှိတွင် KIA မှ ငွေကြေးကောက်ခံသည်ဟု သတင်းထွက်ရှိနေသည့် ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ရွာနှင့် လဝါးရွာ အနီးတွင် KIA ဘက်မှ တပ်မဟာ ၂ လက်အောက်ခံ ၊ တပ်ရင်း ၆ နှင့် တပ်ရင်း ၁၄ တို့ လှုပ်ရှားသည်ဟု သိရသည်။ တပ်ရင်း ၆ မှ ဒုဗိုလ်မှူးကြီး တန်ဆန်းက “ငွေကြေးကောက်တာကတော့ ကျနော်တို့ မနေ့တနေ့ကမှ ကောက်ာတ မဟုတ်ဘူး။ အနှစ် ၅၀ကျော်ပြီ ။ အလှူငွေ အနေနဲ့ ကောက်တာ ရှိပါတယ်။ အဲဒါ ကောက်တာတော့ မှန်ပါတယ်။ လမ်းမှာတော့ ပိတ်ပြီး မကောက်ပါဘူး” ဟု ပြောသည်။ လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း တပ်ရင်း ၆ နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှု မရှိကြောင်း၊ လမ်းတလျှောက်တွင် သွားလာလို့ ရသည့် အနေအထားရှိကြောင်း ဒုဗိုလ်မှူးကြီး တန်ဆန်းက ပြောသည်။ “ကျနော်တို့ ပြည်သူကို ပိတ်ပင်တားဆီးတာ မရှိဘူး။ အစိုးရက ကျနော်တို့ ထွက်လာပြီဆို လမ်းပိတ် လိုက် တာတို့ ခရီးသည်ကို ဒုက္ခပေးလိုက်တာကတော့ တပ်ရဲ့ အပိုင်းပါ။ တပ်ကပဲ လုပ်တာပါ။ ကျနော်တို့က ၁ လမှာ တကြိမ်တောင်လည်း ကားလမ်းပေါ် မထွက်ပါဘူး” ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။ စက်တင်ဘာလ ၁၆ ၊ ၁၇ ၊ ၁၈ ရက်များကလည်း KIA မှ ငွေကြေးကောက်ခံနေသဖြင့် တနိုင်းမြို့နယ် အတွင်းရှိ တိန်ကောက်ရွာ နှင့် ကောင်ရာ ရွာတို့အတွင်း ခရီးသွားကားများ ပိတ်မိထားသည်ဟု ကားဆရာများနှင့် ဒေသခံများက ပြောသည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာအတွင်း KIA ၏ ရွှေမှော်များကို တပ်မတော်က ဝင်ရောက်တိုက်ခိုက်ထားပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃ရက်ကလည်း တနိုင်းမြို့နယ်အတွင်းရှိ KIA ၏ ပယင်းနှင့် ရွှေမှော်များကို တပ်မတော်က ဝင်ရောက် တိုက်ခိုက်ထားသဖြင့် စစ်ရေးတင်းမာမှုများ ရှိသည်။ ဇွန်လအတွင်း တပ်မတော်က KIA ၏ မှော်များသည် တရားမဝင်လုပ်ကွက်များဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေကို ဆုံးရှုံးစေသဖြင့် နယ်မြေရှင်းလင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မှော်များအနီး နေထိုင်သည့် ရွာသူရွာသားများ ဇွန်လ ၁၅ ရက်နောက်ဆုံး ထွက်ခွာပေးရန် ၊ မထွက်ခွာပါက KIA နှင့် ပူးပေါင်းသူများ အဖြစ် ယူဆမည်ဖြစ်သည်ဟု စာများ ရဟတ်ယာဉ်ပေါ်မှ ကျဲချခဲ့ပြီး တိုက်ပွဲများ ဖြစ်ထားသည်။ မှော်အနီး နေထိုင်သူ ဒေသခံ ၁၀၀၀ ခန့်က နေအိမ်များမှ ထွက်ပြေးရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေကာ တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။ မြစ်ကြီးနား- တနိုင်း လမ်းတွင်လည်း နှစ်ဖက် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ တပ်မတော်ဘက်မှ KIA၏ မှော်လုပ်ငန်းများ ရပ်တန့်စေရန်ဟုဆိုကာ တနိုင်းမြို့သို့ ဆန်နှင့် စက်သုံးဆီ သယ်ယူမှုများကိုလည်း ကန့်သတ်ထားသည်ဟု သိရသည်။ ခရီးသည်များကို ဆန်နှင့် စက်သုံးဆီ သယ်ယူမှု ရှိမရှိ လမ်းတလျှောက် စစ်ဆေးပြီး ရောင်းချသည့် ဆိုင်များကိုမူ မြစ်ကြီးနား- တနိုင်းလမ်းတလျှောက်ရှိ သက်ဆိုင်ရာ တပ်မတော်၊ အရာရှိများ၏ ခွင့်ပြုမိန့် များဖြင့်သာ အရေအတွက် ကန့်သတ်ပြီး သယ်ယူခွင့်ပြုထားသည် ။ The post ဖားကန့်မြို့နယ်အတွင်း တပ်မတော်က သွားလာခွင့် ပိတ်ထားသဖြင့် ခရီးသွားသူ ၇၀၀ ကျော် ပိတ်မိနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2hpqVHU
via IFTTT

No comments:

Post a Comment