ပြည်သူနှင့်အတူ မူဝါဒသစ်ကို ချမှတ်ရန် သတ္တိရှိဟု NLD ကြေညာချက် ထုတ် ပေါ်ပေါက်ခဲ့ရသော တင်းမာမှုနယ်ပယ်များကို အမြော်အမြင်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိဖြင့် အမှန်တရားနှင့်အတူ ရပ်တည်ရင်း ဖြေရှင်းလျက်ရှိရာ မည်သို့ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ပြည်သူနှင့်အတူ မူဝါဒသစ်ကို ချမှတ်ရန် သတ္တိရှိပါသည်ဟု NLD ပါတီက ယနေ့ ကြေညာသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် NLD ပါတီတည်ထောင်ခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရာမှာ ကြေ ညာချက် အမှတ်-၁/၀၉/၂၀၁၇ ဖြင့် ထိုသို့ ကြေညာချက်ထုတ်လိုက်ခြင်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိ၏ အမျိုးသားဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာအတွက် တိုက်ပွဲဝင်နေရသလို အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ရက်စက် ကြမ်းကြုတ်မှုများကို ခုခံတွန်းလှန်နေရပါကြောင်း၊ အခြေအမြစ်မရှိ စွပ်စွဲမှုများ နှင့် မီဒီယာထောက်ချောက်များကိုလည်း စနစ်တကျ ချေပနေရပါကြောင်း၊ ပေါ်ပေါက်ခဲ့ရသော တင်းမာမှုနယ်ပယ်များကို အမြော်အမြင်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိဖြင့် အမှန်တရားနှင့်အတူ ရပ်တည်ရင်း ဖြေရှင်းလျက်ရှိပါကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ “မည်သို့ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူနှင့်အတူ မူဝါဒသစ်ကို ချမှတ်ရန် သတ္တိရှိပါသည်။ စိန်ခေါ် မှုနှင့် ဖိအားများကြောင့်လည်း ဒီမိုကရေစီလမ်းကြောင်းမှ အာရုံပြောင်းသွားမည် မဟုတ်သလို၊ သွေဖည်သွားမည်လည်း မဟုတ်ပါ။ မိမိနိုင်ငံတော်အား ပိုမိုကောင်းမွန်အောင်၊ ပိုမိုအဆင့်မြင့်ပြီး သာယာလှပ နှစ်လိုဖွယ်ကောင်းအောင် အားထုတ်သွားမည်။ မြန်မာပြည်သူလူထုအား ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု၏ တောက်ပသော အလင်းရောင်များကို ကြည့်မြင်ခံစားနိုင်အောင် ဆောင်ကြဉ်းပေးသွားမည်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် မည်ကဲ့သို့သောမူဝါဒသစ်ကို ပြည်သူနှင့်အတူ ချမှတ်သွားမည်ကိုဖြင့် ထည့်သွင်းကြေညာခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။ NLD ၏ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က “ကျနော်တို့ဟာ ရဲရင့်တည်ကြည်တဲ့ စိတ်ဓာတ်၊ မွန်မြတ်တဲ့မေတ္တာတရား အခြေခံထားပြီး၊ နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူနဲ့အတူ ကြိုးပမ်းဆောင်ရွက်ကြပါစို့” ဟု ၂၉ နှစ်ပြည့် နှစ်ပတ်လည့်နေ့ သဘာပတိမိန့်ခွန်းတွင် ပြောသည်။ ထို့ပြင် အခြားတဖက်မှာလည်း ရှုပ်ထွေးသိမ်မွေ့သည့် စိန်ခေါ်မှုနှင့် ဖိအားများကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံ၏အမျိုး သားဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ကာကွယ်နေရဆဲ ဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်သမားများကို မစေ့စပ်စတမ်း တိုက်ပွဲဆင်နေရဆဲ ဖြစ်ပါကြောင်း ဆိုသည်။ NLD ပါတီသည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ပါတီ တည်ထောင်မှု ၂၉ နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။ ထို ၂၉ နှစ်တာအတွင်း ၁၉၉၀ အထွေထွေရွေးကောက်ပွဲအပါအဝင် ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သည်။ NLD ပါတီတည်ထောင်ခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသက်ထွန်းနိုင်/ဧရာဝတီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံခဲ့ရာမှာတနိုင်ငံလုံးအတိုင်းအတာဖြင့် မဲအပြတ် အသတ် အနိုင်ရရှိကာ အစိုးရသစ်တရပ်ကို ဖွဲ့စည်း၍ နိုင်ငံအား ပြည်တွင်းစစ် ရပ်တန့်နိုင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းမှုရရှိရေးစသည့်အခန်းဏ္ဍများကို ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ အခန်းကဏ္ဍများကို ဆောင်ရွက်နေစဉ် ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နှင့် ၂၀၁၇ ခု နှစ်၊ သြဂုတ် ၂၅ ရက်တို့က ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြည်တွင်းပြည်ပ၏ ဖိအားပေးမှုများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ အလားတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း ထိရောက်သော အကောင်အထည်ဖော်မှုများ မလုပ်ဆောင်နိုင်ခြင်းကြောင့် ဝေဖန်မှုများလည်း ရှိနေသည်။ NLD သည် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း၌ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံနိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှု စနစ်တရပ်ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်မည်ဟူသော ကတိကဝတ်များဖြင့် စနစ်တကျ ကြိုးပမ်းအကောင် အထည် ဖော်လျက်ရှိပါကြောင်း ကြေညာချက်တွင် ပါဝင်သည်။ The post ပြည်သူနှင့်အတူ မူဝါဒသစ်ကို ချမှတ်ရန် သတ္တိရှိဟု NLD ကြေညာချက် ထုတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2xLBbR7
via IFTTT
No comments:
Post a Comment