ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တိုးချဲ့မည့် အစီအစဉ် ဒေသခံများ ကန့်ကွက် ဆန္ဒပြ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်း ဧရိယာ တိုးချဲ့ပြီး ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင်အောင် လုပ်မည့် အစီအစဉ်ကို လက်မခံသဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်းက မြို့ ၃မြို့တွင် ဒေသခံ ၁၂,၀၀၀ ကျော်က ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်ဟု သတင်း ရရှိသည်။ စက်တင်ဘာ ၂၈ ရက်က ကန့်ကွက် ဆန္ဒပြကြသူများတွင် ပူတာအိုမြို့၊ နောင်မွန်မြို့နှင့် မချမ်းဘော့မြို့တို့မှ ရပ်မိရပ်ဖများ၊ ဂျိမ်းဖော့၊ ရဝမ်နှင့် လီဆူ စာပေနှင့် ရိုးရာ ယဉ်ကျေးမှု အသင်းမှ တာဝန်ရှိသူများ၊ ဘာသာရေး ဆရာများနှင့် ဒေသခံများ ပါဝင်ကြသည်။ ပူတာအိုမြို့မှ ဆန္ဒပြသူဦးရေ ၉၇၀၀ ကျော်၊ နောင်မွန်မြို့မှ ဒေသခံ ၁၂၀၀ ကျော် နှင့် မချမ်းဘော့မြို့မှ ၁၇၀၀ ကျော် တို့က ယနေ့ နေ့လယ်ပိုင်းတွင် မြို့များအတွင်း စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှု အသင်း (ပူတာအိုမြို့နယ်) ၏ အတွင်းရေးမှူး ဦးအောင်ခမ်းက “ကျနော်တို့ ပူတာအို က လူ ၉၇၀၀ ကျော်က အဓိက ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ရုံးရှေ့မှာ ဆန္ဒပြတယ်။ ဒုတိယက သစ်တောရုံးရှေ့ကို သွားပြီး ဆန္ဒပြပါတယ်” ဟု ပြောပြသည်။ ကန့်ကွက်ဆန္ဒပြကြသည့် ဒေသခံများက “ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့ တိုးချဲ့၍ ကမ္ဘာ့ သဘာဝ အမွေအနှစ် သတ်မှတ်ရန် ဆောင်ရွက်ခြင်းအား ပြင်းထန်စွာကန့်ကွက်သည်” ၊ “ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်း သို့ တိုးချဲ့ရေး အလိုမရှိ” ဟူသည့် စာသားများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထားသည့် ဆိုင်းဘုတ် များ ကိုင်ကာ ကန့်ကွက်ကြောင်း “တို့အရေး” အော်ကြသည်ဟု သိရသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ရည် ရွယ်ထားသည် ဟူသည့် ကြေညာချက်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၇ ရက်က အမိန့် ကြော်ငြာစာ အမှတ် (၁၀၃/၂၀၁၇ ) ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကြေညာချက်အရ ပူတာအိုခရိုင် ပူတာအိုမြို့၊ နောင်မွန်မြို့နှင့် မချမ်းဘော့မြို့တို့ အတွင်းရှိ သစ်တော ဧရိယာ ၈၉၅,၀၄၀ ဧက ၊ စတုရန်းမိုင်အားဖြင့် ၁၃၉၈ ဒသမ ၅ မိုင် ရှိ အကျယ်အဝန်းကို ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်တောင်ပိုင်း အဖြစ် အစိုးရက ထပ်မံ တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။ ဆန္ဒပြကြသည့် ဒေသခံများက ယင်းသို့ ကမ္ဘာ့သဘာဝ အမွေအနှစ် ဝင်အောင် လုပ်မည့် အစီအစဉ်ကို ကန့်ကွက်ရခြင်း သည် အမျိုးသားဥယျာဉ် ဧရိယာ တိုးချဲ့မည့်ထဲတွင် ၎င်းတို့ တောင်ယာ လုပ်ကိုင်နေသည့် မြေနေရာများ၊ ခြံများ၊ ကျွဲနွား များ၏ စားကျက်မြေများ အပြင် ဆေးမြစ်ရှာသူများ၊ တောကောင်လိုက်သူများ သွားလာနေသည့် သစ်တော ဧရိယာများ လည်း ပါဝင်နေခြင်းကြောင့် ဖြစ်သည်ဟု ဦးအောင်ခမ်းက ပြောသည်။ ပူတာအိုဒေသတွင်း နေထိုင်သူအားလုံးအနက် ၈၅ ရာခိုုင်နှုန်းသည် တောတောင်ကို မှီခိုပြီး အလုပ်လုပ်ကိုင် နေကြောင်း၊ ဒေသခံများအနေဖြင့် ကမ္ဘာ့သဘာဝ အမွေအနှစ်ဆိုင်ရာ ဒေသ၏ တားမြစ်ချက် စည်းကမ်းချက်များကို လေ့လာကြည့်ရာ မြေကို တူးဆွ၍ပင် မရသည့် ကန့်သတ်ချက်များ တွေ့ရကြောင်း၊ ထိုတားမြစ်ချက်များက တောတောင်ကို မှီခိုနေသူများ အတွက် ဝင်ငွေနှင့် စားဝတ်နေရေး ပပျောက်သွားမည့် အနေအထားရှိနေသဖြင့် လက်မခံနိုင်ကြောင်းလည်း ဦးအောင်ခမ်း က ဆိုသည်။ ဒေသခံများက တိုးချဲ့ဧရိယာအတွင်း ၎င်းတို့ လုပ်ကိုင်စားသောက်နေသည့် နေရာများ ပါဝင်သွားပါက အစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း မည်သို့ ဖန်တီးပေးနိုင်မည်လဲဟု သိရှိရန် ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေး ရုံးတွင် သွားရောက်စုံစမ်း မေးမြန်းရာတွင်လည်း တိကျသည့် အဖြေမရရှိဟု ပြောဆိုနေကြသည်။ ဦးအောင်ခမ်းက “ခရီးသွားလုပ်ငန်းဖြစ်လာရင် ဒေသခံတွေ ဝင်ငွေရမယ်လို့သူတို့က ပြောတယ်။ ရန်ကုန်၊ မန္တလေးက လူငယ်တွေနဲ့ ယှဉ်ကြည့်ရင် ပညာရေးမှာ အရမ်းနောက်ကျလို့ Guide လုပ်နိုင်ဖို့ လူတယောက် ထွက်ဖို့ ဆိုတာ ကျနော်တို့ ဒေသမှာ အရမ်းခက်တယ်။ နောက်ဆုံး ဒေသခံတွေက အထမ်းသမားအဆင့်ပဲ ရလာမယ့် ပုံဖြစ်နေတယ်” ဟု ပြောသည်။ ရဝမ် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (မချမ်းဘော့) အတွင်းရေးမှူး ဦးဖေရန်ကလည်း ဒေသခံဌာနေ တိုင်းရင်းသားများ၏ ဘဝရပ်တည်ရေးကို အလေးထားရန် ၊ ဒေသခံများ၏ သဘောထားကို လျစ်လျူမရှုရန် အစိုးရကို ပြောလိုသည်ဟု ဧရာဝတီ ကို ပြောဆိုထားသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ကချင်ပြည်နယ် အစိုးရအနေဖြင့် ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၏ သဘာဝ အမွေအနှစ်စာရင်း ၂၀၀ ကျော်ထဲတွင် တခု အပါအဝင် ဖြစ်လိုသဖြင့် ပါဝင်နိုင်အောင် ကြိုးစားနေသည်ဟု ဧရာဝတီကို ပြောဆိုထားသည်။ ကချင်နိုင်ငံရေးပါတီများ ညှိနှိုှုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) ၊ ကချင်ပြည်နယ် အတွင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၊ လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေးပါတီ) နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) တို့ကလည်း ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်း တိုးချဲ့မည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ထားကြသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အား စစ်အစိုးရက ၁၉၉၈ ခုနှစ်မှစ၍ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ သစ်တောနှင့် တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းရန် အတွက် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ The post ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တိုးချဲ့မည့် အစီအစဉ် ဒေသခံများ ကန့်ကွက် ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2wYBBiJ
via IFTTT
No comments:
Post a Comment