Friday, September 29, 2017


၂၀၁၇ ခုနှစ်မှာ ဘယ်လို ဖိတ်စာဒီဇိုင်းတွေ ခေတ်စားနေလဲ မကြာခင် ဝါလကင်းလွတ် သီတင်းကျွတ်အချိန်ကာလကို ရောက်တော့မယ်ဆိုတော့ သီတင်းကျွတ် ချိန်ခါမှာ မင်္ဂလာပွဲဆင်နွှဲဖို့ ပြင်ဆင်နေကြတဲ့ မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာပွဲမှာ အဓိက အခန်းကဏ္ဍမှာ မပါမဖြစ် ပထမဆုံး စဉ်းစားရမယ့် မင်္ဂလာဆောင်ဖိတ်စာက အရေးကြီးပါတယ်။ မြန်မာဓလေ့ ထုံးတမ်းအရ ခမ်းခမ်းနားနား ဆင်နွှဲလေ့ရှိတဲ့ မင်္ဂလာပွဲအခမ်းအနားကို လာရောက် ချီးမြှင့်ဖို့ ဖိတ်ကြားတဲ့ “မင်္ဂလာဆောင်ဖိတ်စာ”ကိုလည်း အရင်လို သမားရိုးကျ ပုံစံမျိုး မဟုတ်ဘဲ ယနေ့ခေတ်မှာ အိုင်ဒီယာဆန်းဆန်းနဲ့ ဒီဇိုင်းဆန်းဆန်း ဖန်တီးထားတဲ့ Handmade ဖိတ်စာတွေ ပိုပြီး အသုံးများလာကြပါတယ်။ ယနေ့ခေတ်မှာ အသုံးများလာတဲ့ ဖိတ်စာ ဒီဇိုင်းဆန်းတွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့၊ ၄၃ လမ်း၊ ၈၀x၈၁ လမ်းကြားမှာ တည်ရှိတဲ့ “ရွှေဝတ်လွှာ” Handmade ဖိတ်စာလုပ်ငန်းရဲ့ ဖိတ်စာဒီဇိုင်းများ ကိုယ်တိုင်ဖန်တီးသူ ကိုသုတအောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သီဟတိုးက မေးမြန်းထားပါတယ်။ မေး။ ။ ဒီနှစ်မှာ ဖိတ်စာတွေ ဘယ်လို ဒီဇိုင်း၊ ဘယ်လို အရောင်တွေ ခေတ်စားလဲ သိချင်ပါတယ်။ ဖြေ။ ။ ဒီနှစ်မှာ ဖိတ်စာတွေက ဘယ်လို ဒီဇိုင်းတွေ ခေတ်စားလဲဆိုရင် Pre-Wedding ပုံတွေကို ဖိတ်စာရဲ့ ကာဗာမှာ တပ်လာကြတယ်။ သူတို့ရဲ့ Pre-Wedding မှာ ရိုက်ထားတဲ့ ပုံလှလှလေးတွေကို ဖိတ်စာမှာ တွဲပြီး သုံးလာကြတယ်။ ဘယ်လို အရောင်တွေ ခေတ်စားလဲဆိုရင် ဒီနှစ်မှာတော့ ပန်းသခွားရောင် အသုံးများကြတယ်။ အစ်ကို့ဆီမှာဆို Baby Pink (ပန်းရောင်) မဟုတ်တဲ့ ပန်းသခွား အရောင်မျိုးကို ဒီနှစ်မှာ သုံးလာကြတယ်။ မေး။ ။ မနှစ်ကနဲ့ ဒီဇိုင်းတွေ ဘာကွာခြားသွားလဲ။ ဖြေ။ ။ မနှစ်ကနဲ့ ဘာကွာခြားသွားလဲဆိုရင် မနှစ်တုန်းက ဖိတ်စာကို စက္ကူပေါ်မှာ လေဆာနဲ့ဖောက်တဲ့ ဒီဇိုင်းတွေ အများဆုံး သုံးကြပြီး ဒီနှစ်မှာဆိုရင် ဇာတွေ၊ ကျောက်တွေနဲ့ သုံးတဲ့ ဖိတ်စာဆိုတာထက် လေဆာဖိတ်စာချင်း အတူတူမှ စက္ကူနဲ့ဖောက်တဲ့ လေဆာမျိုး မဟုတ်ဘဲ သစ်သားပေါ်မှာ လေဆာ ခြစ်ပြီး သစ်သားကနုတ်တွေနဲ့ သုံးတာမျိုး ခေတ်စားလာတယ်၊ သုံးလာကြတယ်။ သစ်သား ကနုတ် ဖိတ်စာလေးတွေကို ရွေးချယ်မှု ပိုများလာတယ်။ မေး။ ။ အစ်ကို့ဆီမှာ မှာတဲ့ Customere တွေက ဘယ်လို ဒီဇိုင်းတွေ မှာတာ အများဆုံးလဲ။ ဖြေ။ ။ ဇာတွေ၊ ကနုတ်တွေနဲ့ ဖိတ်စာတွေအပြင် လေဆာကနုတ် ဖိတ်စာလေးတွေ ဒီနှစ်မှာ မှာတာ များလာကြတယ်။ လေဆာနဲ့ ဖောက်တယ်။ လေဆာ Cutting ဖိတ်စာတွေ အစ်ကို့ကို ပိုပြီး များများ မှာကြတယ်။ အရင်နှစ်တွေတုန်းကလို ဖဲကြိုးတွေ၊ ကျောက်တွေ၊ ဇာတွေ သုံးတဲ့ ဖိတ်စာမျိုးတွေထက် လေဆာဖိတ်စာတွေကို ပိုပြီး မှာလာကြပါတယ်။ “ရွှေဝတ်လွှာ” Handmade ဖိတ်စာလုပ်ငန်းရဲ့ ဖိတ်စာဒီဇိုင်းများ ကိုယ်တိုင်ဖန်တီးသူ ကိုသုတအောင် မေး။ ။ ၂၀၁၇ ရဲ့ Handmade ဖိတ်စာ ရောင်းအားအခြေအနေကို သိချင်ပါတယ်။ မနှစ်ကထက် ပိုများ လာလား။ ဖြေ။ ။ ၂၀၁၇ ရဲ့ ဖိတ်စာ ရောင်းအားအခြေအနေက ဒီနှစ်မှာတော့ ပုံမှန်၊ အခုဆို ဝါကျွတ်တော့မှာ ဆိုတော့ ဝါကျွတ်ကာလ ရာသီမှာ ဒီနှစ်က ဆောင်ကြပါတယ်။ မနှစ်ကထက်တော့ ပိုလာတယ်လို့ ပြောရမယ်။ မနှစ်က ဒီချိန်ဆို အလုပ်အရမ်း မရှုပ်သေးဘူး။ ဒီနှစ်မှာတော့ လုပ်ငန်းက သိသိသာသာ ပိုပြီး လက်ဝင် လာလို့လားမသိဘူး။ ရွေးချယ်မှု ပိုများလာလို့ မနှစ်ကထက်တော့ နည်းနည်း ပိုဝင် လာတယ်။ မေး။ ။ အစ်ကို့ရဲ့ ဖိတ်စာလက်ရာ ဒီဇိုင်းတွေကရော ဒီနှစ်မှာ ဘယ်လို အိုင်ဒီယာအသစ်တွေနဲ့ ဖန်တီးထားလဲ သိချင်ပါတယ်။ ဖြေ။ ။ ဖိတ်စာ လက်ရာတွေကို ဒီနှစ်မှာဆိုရင် အစ်ကို သစ်သားကနုတ် ဖိတ်စာတွေ ထုတ်ထားတယ်။ ပြီးလို့ရှိရင် နောက်ထပ် ဒီနှစ်မှာ ထူးခြားမှုအနေနဲ့က ဒီနှစ်မှာ လက်ထပ်စာချုပ်တွေကို 24K Gold Founder တွေ အသုံးပြုပြီး ဖန်တီးထားတယ်။ အဲဒီခါကျတော့ Customer တွေ၊ မင်္ဂလာမောင်နှံတွေ အနေနဲ့ကလည်း ကြိုက်တယ်၊ ရွေးချယ်စရာများလာတော့ Gold Founder တွေနဲ့ လုပ်ထားတဲ့ လက်ထပ်စာချုပ်တွေကို ပိုပြီး ရွေးလာတယ်။ Pre-Wedding ပုံတွေနဲ့ ဖန်တီးထားတဲ့ ဖိတ်စာတွေ တော်တော်များများကို သူတို့ ကြိုက်ကြတယ်။ သစ်သားကနုတ် ဖိတ်စာတွေ ထူးထူးခြားခြား အကို လုပ်ထားတယ်။ ပြီးရင် Pre-Wedding ကိုပဲ Caricature (ရုပ်ပြောင်ပုံ) ပုံစံ ပြောင်းထားပြီး ဒီဇိုင်းနဲ့ ဖိတ်စာတွေ အစ်ကို ဒီနှစ်မှာ ဖန်တီးထားတယ်။ မေး။ ။ မင်္ဂလာဖိတ်စာကို မင်္ဂလာမဆောင်ခင် ဘယ်လောက် အချိန်ယူပြီး ကြိုတင်မှာယူရပါသလဲ။ ဖြေ။ ။ မင်္ဂလာဆောင် မတိုင်ခင် အချိန်ဘယ်လောက် ယူသင့်လဲဆိုတော့ အချိန်ရမယ်ဆိုရင် သေချာ စိတ်အေးလက်အေး အချိန်ယူပြီး အနည်းဆုံး အစ်ကိုတို့ အချိန် ၂ လလောက် စောပေးထားရင် အဆင်ပြေမယ်။ အဲဒီလိုဆိုရင် အမှားအယွင်းနည်းမယ်။ သေချာ စနစ်တကျ သေသေသပ်သပ်၊ လှလှပပ ဖြစ်နိုင်ဖို့ဆို အချိန် ၂ လလောက် ပေးထားတာ ပိုကောင်းမယ်။ ဒါပေမဲ့ တချို့ Customer တွေကျတော့ အချိန်ဗြုန်းစားကြီး စီစဉ်ရတာဆိုတော့ ချက်ချင်းကြီး မရနိုင်တဲ့၊ အချိန်မပေးနိုင်တဲ့ အခြေအနေမျိုးမှာလည်း အမြန်ဆုံး ရနိုင်အောင် လုပ်ပေးရတာပေါ့။ အနည်းဆုံးတော့ ၂ ပတ်လောက် ကြိုပြောပေးနိုင်ရင် ပိုပြီး အဆင်ပြေပါတယ်။ မေး။ ။ “ရွှေဝတ်လွှာ”မှာ တန်ဖိုးအများဆုံးနဲ့ ဖန်တီးရတာ လက်ဝင်တဲ့ ဒီဇိုင်းက ဘယ်လိုဖိတ်စာမျိုးလဲ။ ဖြေ။ ။ အစ်ကို့ “ရွှေဝတ်လွှာ”မှာ တန်ဖိုးအများဆုံးနဲ့ ဖန်တီးရတာ လက်အဝင်ရဆုံး ဒီဇိုင်းက ဘယ်လို ဖိတ်စာလဲ ဆိုတော့ ၂ ဖက် ဂျက်ထူ အထူကို အခုဆို ဆိုဒ် အကြီးတွေကို လေဆာ Cutting တွေ ပါလာတယ်။ ပြီးရင် သူ့ကို ထည့်တဲ့ဘူးတွေက မြင်နေကျပုံမှန် တထပ်ဘူး မဟုတ်ဘဲနဲ့ အဖွင့်အပိတ် ဘူး ခေါ်မှာပေါ့။ အဲဒီလို အဖွင့်အပိတ် ဘူးတွေနဲ့ ထည့်တဲ့ ဖိတ်စာမျိုးတွေ၊ ပြီးရင် မင်္ဂလာဧည့်ခံပွဲ စာလုံးတွေကို အစ်ကိုတို့ Laser ပြားကို လေဆာ Cutting ဖြတ်ပြီး နာမည်စာလုံး အတိုလေးတွေ ကပ်ကြတယ်။ အဲဒီလို ဖိတ်စာတွေကို ပိုပြီးရွေးလာကြတယ်။ ဇာတွေ ကျောက်တွေအစား လေဆာ Cutting နဲ့ စတဲ့ မင်္ဂလာမောင်နှံ နာမည်အတိုကောက်လေးတွေကို ဖန်တီးပြီး ကပ်တဲ့ ဒီဇိုင်းတွေက လက်လည်း ဝင်တယ်။ ကုန်ကျစရိတ်လည်း ပိုများတယ်။ ခန့်မှန်းတန်ဖိုးဆို ၃၅ဝဝ ပတ်ချာလည် လောက်ထိ ရှိတယ်။ မေး။ ။ မင်္ဂလာပွဲတခုမှာ မင်္ဂလာဝတ်စုံအပြင် မင်္ဂလာဖိတ်စာရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါလဲ။ ဖြေ။ ။ ဘယ်လောက်အရေးပါလဲ ဆိုရင် မင်္ဂလာဝတ်စုံက မင်္ဂလာပွဲနေ့ကျမှ မြင်တွေ့ရမှာပေါ့နော်။ လာမယ့် ဧည့်သည်တွေက ပထမဆုံး အဆင့်အနေနဲ့က မြင်တွေ့ရမှာ ဖိတ်စာပေါ့နော်။ ဧည့်သည်တွေကို ဖိတ်ကြားမယ့် အဆင့်မှာ ဖိတ်တဲ့ လူကလည်း ဖိတ်ခံရမယ့်သူကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတဲ့ အကြောင်းပြခွင့်ရမယ်။ ပထမဦးဆုံး ဒီ မင်္ဂလာပွဲ ဘယ်လို ခမ်းခမ်းနားနား လုပ်ထားတယ်၊ ရိုးရိုးတန်းတန်းလား၊ ခမ်းခမ်းနားနား ဆောင်မှာလား၊ သမရိုးကျပဲလားဆိုတာက ဖိတ်စာရောက်လာတဲ့ အခြေအနေအပေါ် မူတည်ပြီး လူတွေက ဆုံးဖြတ်ကြတာလေ။ အဲဒီအခါကျ မင်္ဂလာဖိတ်စာက အရေးကြီးဆုံးလို့ အစ်ကို ထင်တယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံး မင်္ဂလာပွဲတခုအတွက် လာဖို့ လိုအပ်တဲ့နေရာမှာ ဒီဟာက နံပါတ် ၁ ဖြစ်နေတယ်။ အဲဒီတော့ ဒီဖိတ်စာကို ပြီးပြီးရော လုပ်ထားမယ်ဆိုရင် ကိုယ့်မင်္ဂလာပွဲမှာ အဖိတ်ခံရတဲ့ ဧည့်သည်အပေါ် မလေးစားရာ ရောက်တယ်လို့ အစ်ကို မြင်ပါတယ်။ ။ “ရွှေဝတ်လွှာ” Handmade ဖိတ်စာလုပ်ငန်းရဲ့ လိပ်စာကတော့ (၄၃) လမ်း၊ ၇၉ x ၈၀ လမ်းကြား၊ သံလမ်းအနီး၊ မန္တလေးမြို့။ Facebook Page – http://ift.tt/2fWpI7B ဆက်စပ်သတင်းလင့်ခ် – ခေတ်စားလာတဲ့ “Handmade” မင်္ဂလာဆောင် ဖိတ်စာများ The post ၂၀၁၇ ခုနှစ်မှာ ဘယ်လို ဖိတ်စာဒီဇိုင်းတွေ ခေတ်စားနေလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2xKMmZX
via IFTTT

No comments:

Post a Comment