မောင်းနှင်အသုံးပြုသူများ ပေါ့ဆမှုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလာ မြန်မာနိုင်ငံအတွင်း၌ မော်တော်ယာဉ်မီးလောင်မှုများနှင့် ရေယာဉ်မတော်တဆမှုများ ဖြစ်ပွားနေရခြင်းမှာ မောင်းနှင်အသုံး ပြုသူများ၏ ပေါ့ဆမှု၊ သတ်မှတ်စည်းကမ်းများအား တိတိကျကျ မလိုက်နာခြင်း၊ ကြံ့ခိုင်ရေးပိုင်း စစ်ဆေးမှု အားနည်း ချက်များကြောင့် အဖြစ်များနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက ပြောသည်။ “နိုင်ငံအတွင်းမှာ အခုနောက်ပိုင်း မော်တော်ယာဉ်အသုံးပြုမှုတွေ အရင်ကထက် ပိုများလာပြီး ယာဉ်မောင်းသူ တော်တော် များများက စည်းကမ်းလိုက်နာမှုအားနည်းတာကို တွေ့နေရတယ်၊ နောက်ပြီး မော်တော်ယာဉ်ကြံ့ခိုင်ရေးပိုင်းကို စစ်ဆေး တာ အလွန်နည်းကြတယ်၊ အထူးသဖြင့် အိမ်စီးကားတွေက ကြံခိုင်ရေးပိုင်း စစ်ဆေးမှု နည်းတာ ပိုများပါတယ်၊ အဲဒီလိုပဲ မြစ်ကြောင်းသွားရေယာဉ်တွေ မတော်တဆမှုဖြစ်ရတာကတော့ သတ်မှတ်စည်းကမ်းတွေကို လိုက်နာမှုအားနည်းလို့ ဖြစ်ရတာ ပိုများပါတယ်”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက ပြောသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယာဉ်မီးလောင်မှု ၇၉ ကြိမ်ဖြစ်ပွားခဲ့သလို ရေကြောင်းသွားလာရေးကို အဓိကအားထားနေရသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရေယာဉ်မတော်တဆ နစ်မြုပ်မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရေယာဉ်မတော်တဆနစ်မြုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ၅ ကြိမ်စီ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ကြိမ်၊ တနင်္သာရီ၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးများ၌ တကြိမ်စီ ပွားခဲ့ပြီး ၄၇ ဦး သေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရေယာဉ်နစ်မြုပ်မှုများတွင် ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်မှာ ဖြစ်ပွားခဲ့သည့့် အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုက လူသေဆုံးမှု အများဆုံးနှင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှု အများဆုံးဟု သိရသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဖြစ်ပွားခဲ့သော မော်တော်ယာဉ်မီးလောင်မှုများကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီး ဒဏ်ရာရ သူ ၁၂ ဦးရှိကြောင်း၊ ယာဉ်မီးလောင်မှု ၇၉ ကြိမ်တွင် ဧပြီလအတွင်း အများဆုံးဖြစ်ပွားခဲ့ပြီး ၁၆ ကြိမ်ရှိကြောင်း၊ ဇန်နဝါရီလ တွင် ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးနှင့် မတ်လတွင် ၁၄ ကြိမ်ဖြစ်ပွားခဲ့ရာ တတိယအများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “မော်တော်ယာဉ်မီးလောင်မှု ဖြစ်ပွားမှုလျော့နည်းလာစေဖို့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် နယ်နမိတ်အတွင်းမှာ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နေတယ်၊ အဓိကကတော့မော်တော်ယာဉ်တိုင်း မီးသတ်ဆေးဗူး များပါရှိရေးအတွက် စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ ကားမီးလောင်မှု ဓါတ်ပုံတွေ ပြပြီးတော့ ဖမ်းဆီးတာ မဟုတ်မျိုး မဟုတ်ဘဲ ပညာပေးမှုတွေ လုပ်ဆောင်နေတယ်”ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။ “ကားရဲ့ ဝါယာရိန်းအပိုင်းတွေကို အမြဲစစ်ဆေးဖို့ လိုတယ်၊ ကားမီးလောင်မှု ကြိုတင်ကာကွယ်ဖို့ ယာဉ်တွေမှာ မီးသတ် ဆေးဗူးတွေ မဖြစ်မနေပါရှိဖို့လိုတယ်၊ ဖြစ်လို့ရှိရင် မီးသတ်ဆေးဗူးပါတော့ ဆုံးရှုံးမှု မများနိုင်တော့ဘူးပေါ့၊ ယာဉ်တွေကို အမြဲစစ်ဆေးဖို့ အကြံပြုချင်ပါတယ်” ဟု ဦးသန်းဇော်ဦးက ဆက်လက် ပြောသည်။ မော်တော်ယာဉ် မီးလောင်မှုများ ဖြစ်ပွားရခြင်းမှာ အင်ဂျင်ပိုင်း၊ ကားဝါယာရိန်းပိုင်းနှင့် ဆီပိုက်များမှ ဖြစ်ပွားတတ်ပြီး မော်တော်ယာဉ်အစိပ်အပိုင်းများကို လစဉ်စစ်ဆေးသင့်ကြောင်း၊ မတော်တဆမီးလောင်မှုများဖြစ်ပွားလာပါက အရေးပေါ် ငြိမ်းသတ်နိုင်ရန်အတွက် ယာဉ်ပေါ်တွင် အရည်အသွေးပြည့်မှီသည့် မီးသတ်ဆေးဗူးများ ဆောင်ထားရန်လိုအပ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်မြောက်လမ်းဆုံ၌ ဂါလံ ၄၀၀၀ ဆံ့ ဆီဘောက်ဆာ မီးလောင်မှုမှ တဆင့် နေအိမ် ၆လုံး၊ မော်တော်ယာဉ် ၇စီး ကူးစက်လောင်ကျွမ်းခဲ့မှု ဖြစ်ပွားခဲ့သေးသည်။ “ကားအဟောင်းတွေဆို ပိုဂရုစိုက်ရတယ်၊ ပိုက်တွေက ဆွေးနေပြီး အပူဒဏ်မခံနိုင်တာ များတယ်၊ အင်ဂျင်က ယိုစိမ့်မှုနဲ့ ဝါယာရိန်းကြောင့် လည်းဖြစ်နိုင်တယ်၊ မော်ဒယ်အသစ်တွေမှာလည်း တီဗွီ၊ ကက်ဆက်နဲ့ဆက်သွယ်တဲ့ ဝါယာရိန်းတွေမှာ အဆင်မသင့်ရင် ရှော့ခ် ဖြစ်တတ်တယ်၊ ကျနော်တို့ နိုင်ငံမှာက တခုခု ပျက်မှ ပြင်ကြတာ၊ သူများနိုင်ငံတွေမှာ ကုမ္ပဏီက အာမခံပေးထားလို့ တလတခါ စစ်ပေးတော့ ကားမီးလောင်မှုဖြစ်တာ နည်းတယ်” ဟု မန္တလေးမြို့၊ TZ ကားပြုပြင်ရေးမှ ကိုသန်း ဇော်က ပြောသည်။ The post မောင်းနှင်အသုံးပြုသူများ ပေါ့ဆမှုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလာ appeared first on ဧရာဝတီ.
Source : http://ift.tt/2xI8WlU
via IFTTT
No comments:
Post a Comment