ပန်းချီကျော်ဖြူစံ ခံစားတင်ပြတဲ့ ဗုဒ္ဓဝင်ပန်းချီကားများ နှစ်ပေါင်း၂၅၀၀ ကျော်ခဲ့ပေမယ့်လည်း ဂေါတမဗုဒ္ဓရဲ့ အဆုံးအမတွေကို အောက်မေ့ ကြည်ညိုသူတွေထဲမှာ ပန်းချီ ကျော်ဖြူစံ လည်း အပါအဝင် ဖြစ်ပါတယ်။ `မြတ်စွာဘုရားဟာ လူသားတွေရဲ့ အသိဉာဏ်ကို ပွင့်လင်းစေသူပါ။ လူသားတွေရဲ့ စိတ်ကို တည်ငြိမ်စေတယ်။ အေးချမ်းစေတယ်’ လို့ ပန်းချီကျော်ဖြူစံ က ဆိုပါတယ်။ ပန်းချီကျော်ဖြူစံဟာ ENLIGHTENMENT လို့ အမည်ပေးထားတဲ့သူ့ရဲ့ ၆ ကြိမ်မြောက် တကိုယ်တော် ပန်းချီ ပြပွဲကို လောကနတ် ပန်းချီ ပြခန်းမှာ စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၉ ရက်နေ့ အထိပြုလုပ်သွားမှာ ဖြစ်ပြီး ပန်းချီပြပွဲမှာ ဂေါတမဗုဒ္ဓရဲ့ဘဝဖြစ်တော်စဉ် သရုပ်ဖော် ပန်းချီကားတွေနဲ့ မြန်မာ့ကျေးလက် ဓလေ့သရုပ်ဖော် ပန်းချီကား တချို့ကို ပြသသွားမှာ ဖြစ်ပါတယ်။ ပန်းချီ ကျော်ဖြူစံ ဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဝင်သရုပ်ဖော် ပန်းချီကားတွေနဲ့ ဗုဒ္ဓဝင် ရုပ်ပြစာအုပ်တွေကို နှစ်ပေါင်း ၃၀ ကျော် စဉ်ဆက် မပြတ် ရေးဆွဲလာခဲ့သူ တဦး ဖြစ်ပါတယ်။ သူ့ဗုဒ္ဓဝင် သရုပ်ဖော်ပုံတွေကို မြန်မာနိုင်ငံမှာသာ မက အင်ဒိုနီးရှား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ထုတ်ဝေတဲ့ ဗုဒ္ဓဝင် စာအုပ်တွေမှာလည်း ဖော်ပြကြပါတယ်။ သူ့ရဲ့ ၆ ကြိမ်မြောက် ပန်းချီပြပွဲနဲ့ ပတ်သက်လို့ `ဒီပွဲမှာ အဓိက ပြသသွားမှာကတော့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ သရုပ်ဖော် ပန်းချီကားတွေပါ။ ဒီဇာတ်တော်ကြီး ဆယ်ဘွဲ့မှာ လူတွေက မဟော်သဓာ၊ သုဝဏ္ဏသာမ၊ ဝေဿန္တရာ၊ ဇနကစတဲ့ ဇာတ်တော်တွေကိုပဲသိကြတာများတယ်။ ဥပမာ – ဇနက ဇာတ်တော်ဆိုရင် ဇနကမင်းသားကို မေခလာနတ်သမီး ကယ်တာကိုပဲ လူသိများတယ်။ ဇနကမင်းကြီး တောထွက်ခန်း ဆိုရင် ပညာယူစရာ၊ သခန်းစာယူစရာတွေ အများကြီး ပါတယ် ။ အဲဒါကြောင့် ဒီပွဲမှာ တခြားဇာတ်တော်တွေနဲ့ လူတွေ သတိ မထားမိကြတဲ့ ဇာတ်ကွက်တွေကို သရုပ်ဖော်ထား ပါတယ်။ နောက်ပြီး မြန်မာ့ကျေးလက် ရိုးရာဓလေ့ သရုပ်ဖော် ပန်းချီကား တချို့လည်း ပါပါတယ်’ လို့ ပန်းချီ ကျော်ဖြူစံက ပြောပါတယ်။ ပန်းချီကျော်ဖြူစံရဲ့ ENLIGHTENMENTပန်းချီပြပွဲမှ ပန်းချီကားတချို့ ဘုရားဖြစ်တော်စဉ် ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ေ လို့ အတိုကောက် အမှအသား ပြုပါတယ်။ တေမိယဇာတ်၊ ဇနကဇာတ်၊ သုဝဏ္ဏသာမဇာတ်၊ နေမိဇတ်၊ မဟောသဓာဇာတ်၊ ဘူရိဒတ္ထဇာတ်၊ စန္ဒကုမာရ၊ နာရဒဇာတ်၊ ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်တို့ ဖြစ်ပါတယ်။ ပြပွဲနေ့မှာ ပန်းချီကျော်ဖြူစံရဲ့ ဗုဒ္ဓဝင် သရုပ်ဖော် စာအုပ်တွေ ကိုလည်း ခင်ကျင်းပြသသွားမှာပါ။ ပန်းချီ ကျော်ဖြူစံ ဟာ ဗုဒ္ဓဝင်ပန်းချီကားတွေ ရေးဆွဲနိုင်ဖို့ အတွက် ဗုဒ္ဓစာပေကို အထူးကျွမ်းကျင်တဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေကို မေးမြန်းခဲ့ရသလို ဗုဒ္ဓစာပေနဲ့ သမိုင်း စာအုပ်တွေကိုလည်း ဖတ်ရှု လေ့လာခဲ့ရပါတယ်။ `ဗုဒ္ဓမြတ်စွာ ပွင့်ခဲ့တာ အိန္ဒိယမှာ။ ဒါပေမယ့် ဗုဒ္ဓဝင် သရုပ်ဖော်ပန်းချီကားမှာတော့ ခေတ်အခြေအနေနဲ့ ဝတ်စားဆင်ယင်မှု ကို ကုန်းဘောင်ခေတ်ဟန် အတိုင်း ရေးဆွဲထားပါတယ်။ ဝိဒူရအမတ်ကြီးကို ရေးဆွဲတဲ့အခါမှာလည်း အမတ်ကြီးရဲ့ ဝတ်စုံဟာ အနီရောင်လား၊ အစိမ်းရောင်လား ဆိုတာကိုမမှားဖို့ လိုပါတယ်။ အဲဒီလို အခါမျိုးမှာ ကျွမ်းကျင်တဲ့ ဆရာကြီးတွေကို မေးမြန်းရပါတယ်’ လို့ ဆိုပါတယ်။ ENLIGHTENMENT ပန်းချီပြပွဲမှာ ပန်းချီကားပေါင်း ၃၆ ကား ပြသသွားမှာ ဖြစ်ပြီး ပန်းချီကား ဈေးနှုန်းတွေကတော့ ဒေါ်လာ ၅၀၀ ကနေ ၁၃၀၀ အထိ သတ်မှတ်ထားပါတယ်။ The post ပန်းချီကျော်ဖြူစံ ခံစားတင်ပြတဲ့ ဗုဒ္ဓဝင်ပန်းချီကားများ appeared first on ဧရာဝတီ.
Source : http://ift.tt/2kbtwq7
via IFTTT
No comments:
Post a Comment