Friday, September 22, 2017


ပဋိပက္ခများ မဖြစ်ပွားရေး မြေပြင်တပ်မှူးချင်း တွေ့ဆုံနိုင်ရန် ဆောင်ရွက်မည်ဟု ဆို ပဋိပက္ခများ မဖြစ်ပွားရေး အတွက် မြေပြင်တပ်မှူးချင်း တွေ့ဆုံချင်းဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်း အဝေးတွင် သဘောတူ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် စက်တင် ဘာ ၂၀ ရက်နေ့မှ စ၍ ၃ ရက်ကြာ JMC-U အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် JMC-U ပြောခွင့်ရ ပုဂ္ဂိုလ်များက ရှင်းလင်း ပြောဆိုသည်။ JMC-U ၏ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင် က “ကျနော်တို့ ဒီနေ့(စက်တင်ဘာ ၂၂ ရက်) အစည်း အဝေးမှာ နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံနိုင်ဖို့ လုပ်ခဲ့တယ်။ ဘာလို့ဆို ကျနော်တို့ အပေါ်က အားလုံးက အစည်း အဝေးလုပ်တိုင်း တွေ့ နေတော့ ခင်မင်ရင်းနှီးမှု ရှိတယ်။ ဒီလိုပဲ မြေပြင်တပ်မှူးတွေလည်း ရင်းနှီးနိုင်အောင် လုပ် မယ်။ JMC-S က စီစဉ်ပေးလိမ့် မယ်။ ဒါမှ နှစ်ဖက် ပဋိပက္ခဖြစ်ပွားမှုတွေ ပိုလျော့ပါးလာမယ်” ဟု ပြောသည်။ မြေပြင်တပ်မှူးများကြား ယင်းသို့ တွေ့ဆုံနိုင်ရေး အတွက် ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) မှတဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသော်လည်း စတင်ဆောင် ရွက် မည့် အချိန်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။ JMC-U အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးရ် ကလည်း “ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှု ယုံကြည်မှု မြှင့်တင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် မြေပြင်တပ်မှူးတွေ တွေ့ဆုံနိုင်ရေးနဲ့ တပ်မှူး အချင်းချင်းကြား ရင်းနှီးမှုတွေရှိလာ အောင် ဆောင်ရွက်ဖို့ရှိတယ်”ဟု ပြောသည်။ လက်ရှိတွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို ရှမ်း၊ ကရင်၊ မွန်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း စသည့် တိုင်းနှင့် ပြည်နယ် ငါးနေရာတွင် ဖွဲ့စည်းထားပြီး ဒေသန္တရ အဆင့် JMC-L ကိုလည်း ၂ နေရာမှာ ဖွဲ့စည်းထားကြောင်း သိရသည်။ လက်ရှိ ဖွဲ့စည်းထားသော JMC-S ငါးနေရာ အနက် ရှမ်းနှင့် ကရင်ရှိ JMC-S များတွင် အရပ်သား ကိုယ်စား လှယ် ၄ ဦးစီ ထပ်တိုး ခန့်အပ် သွားရန်လည်း ၁၂ ကြိမ်မြောက် JMC-U အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း လည်း ဆိုသည်။ JMC-U ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် က “JMC မှာ အရပ်သားတွေကို ထည့်သွင်း ခန့်အပ်ထားတယ်။ သူတို့က တရားသူကြီးပဲ နှစ်ဖက် ထိတွေ့မှုတွေကို သူတို့ က တရားသူကြီးအနေနဲ့ ဝင်ရောက်ဖြေရှင်းနိုင်ဖို့ ခန့်အပ် ထားပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် JMC က ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဖို့ လိုအပ်ပါတယ်”ဟု စက်တင်ဘာ ၂၀ ရက် JMC-U အစည်းအဝေး ပထမနေ့တွင် ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် တပ်မတော်ကြား ထိတွေ့မှု မကြာခဏ ဖြစ်ပွား လျက်ရှိသည်။ ထိုသို့ ထိတွေ့မှုများ နှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးမှ JMC-S သို့ တိုင်ကြားလာခြင်းများ ရှိသော်လည်း ထိရောက်သည့် ဖြေရှင်းနိုင်မှုများမရှိဟု RCSS ခေါင်းဆောင်များကပြောသည်။ JMC-S များကမူ တပ်နေရာ ပြန်လည်ချထားရေး ထိရောက်စွာ ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် ပြတ်သားသည့် ဆုံးဖြတ်ချက်မျိုး မလုပ်ဆောင်နိုင်သေးခြင်း ဖြစ်သည်ဟု ဆိုသည်။ JMC ကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်မည့် အဖွဲ့ကိုလည်း ဖွဲ့စည်းသွားရန် ဆွေးနွေးခဲ့ပြီး ထိုအဖွဲ့အား ၁၃ ကြိမ်မြောက် လုပ်မည့် JMC-U အစည်းအဝေး၌ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ The post ပဋိပက္ခများ မဖြစ်ပွားရေး မြေပြင်တပ်မှူးချင်း တွေ့ဆုံနိုင်ရန် ဆောင်ရွက်မည်ဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2hnaKqO
via IFTTT

No comments:

Post a Comment