အမျိုးသမီးတွေက တိုက်ပွဲ အတွက်ဖြေရှင်းနိုင်တဲ့သူလို့ မမြင်ကြဘူး အမျိုးသမီးနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲ “အမျိုးသမီးများ၏ အသံကိုနားထောင်ခြင်း” အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ CSO ၊ မီဒီယာနှင့် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့သုံးဖွဲ့ခွဲ၍ ကျင်းပပြုလုပ်ခဲ့ခြင်းရာ ထိုအခမ်းအနားတွင် ပါဝင်ဆွေးနွေးခဲ့သည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ် နမ္မတူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးကို လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် အမျိုးသမီးတို့အသံ၊ အခွင့်အရေး စသည့်အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ နေပြည်တော ်သတင်းထောက် မိုးမိုးက တွေ့ဆုံမေးမြန်းထားပါသည်။ မေး။ ။ နယ်မြေဒေသငြိမ်းချမ်းမှုမရှိတဲ့ နေရာတွေက အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် နားလည်လက်ခံထားတဲ့ပုံစံနဲ့ ပါဝင်ဆောင်ရွက်နေမှု အတိုင်းအတာကို သိပါရစေ။ ဖြေ။ ။ ကျမဒေသမှာရှိနေတဲ့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖြစ်စဉ် ပါဝင်မှုမှာ အရမ်း အားနည်းတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင် အခွင့်အရေး ချိုးဖောက်ခံရတာကို မသိတာမျိုး တွေရှိတယ်။ သူတို့သိတာက ဒီလက်နက်ကိုင်တွေကြောင့် ပြည်တွင်းစစ်တွေကြောင့် တိုက်ပွဲဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ် ဆိုတာတော့ သူတို့ပြောတယ်။ ဒါပေမယ့် ငါတို့ကိုယ်တိုင် ဘယ်လိုပါဝင်ရမလဲဆိုတာ သူတို့မသိဘူး။ သူတို့သိနေတာ တခုက တိုက်ပွဲဖြစ်ရင် ငါတို့ခံရမယ်ဆိုတဲ့ အသိလေးပဲရှိတယ်။ ဒီတိုက်ပွဲရပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး။ ငါတို့ အမျိုးသမီးတွေက တိုက်ပွဲအတွက် သားကောင်တွေပဲလို့ သူတို့ မြင်နေကျတယ်။ တိုက်ပွဲ အတွက်ဖြေရှင်းနိုင်တဲ့သူလို့ မမြင်ကြဘူး ဖြစ်နေတယ်။ မေး။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တယောက်၊ အမျိုးသမီးတယောက် အနေနဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်လာအောင် ဘယ်လိုဆောင်ရွက်နေပါသလဲ။ ဖြေ။ ။၂၀၁၀ ခုနှစ် မတိုင်ခင်ကတည်းက ကျမတို့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရပ်ရွာတွေမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေကို ဆွေးနွေးတာတွေရှိတယ်။ ဒါပေမယ့် အဲဒီ အချိန်တုန်းက ပွင့်ပွင့်လင်းလင်းဆောင်ရွက်ခွင့် မရှိခဲ့သေးဘူး။ ၂၀၁၀ ပြည့်နှစ်မှာ လွှတ်တော်ကိုယ်စားလှယ် စဖြစ်ပြီဆိုတည်းက ငြိမ်းချမ်းရေးမှာ ပါဝင်ခဲ့တယ်။ လွှတ်တော်ပိတ်လို့ ပြန်သွားပြီဆိုရင် ပြည်သူတွေနဲ့ ဆင်းပြီးတွေ့တယ်။ အဲဒီလို တွေ့တဲ့အချိန်မှာ လွှတ်တော်နဲ့ပတ်သက်လို့ ကိုယ့်လွှတ်တော်ထဲမှာ ဘာလုပ်တယ်ဆိုတာကို ငါးမိနစ်လောက်ပဲ အချိန်ပေးပြီး ပြောတယ်။ ကျန်တဲ့ အချိန်တွေမှာ အခုကျမတို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေတဲ့လမ်းစဉ်တွေကို ပြောပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိပ်ပိုင်းကပဲပြေးနေပြီး အောက်ခြေပြည်သူလူထုက လိုက်ပါမလာဘူး ဆိုရင် ကျမတို့ ရည်မှန်းချက်က ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ ပြည်သူတွေကပါ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်က ဒီလိုပါလားဆိုတာနားလည်ပြီး သူတို့ပါဝင်လာမှ ဖြစ်မှာပါ။ မေး။ ။ ပြည်သူတရပ်လုံး ပါဝင်လာအောင် စည်းရုံးတဲ့အခါမှာ ဘယ်လိုပုံစံနဲ့ စည်းရုံးပါသလဲ။ ဖြေ။ ။ ဥပမာပေးပြီး စည်းရုံးရတာလည်းရှိတယ်။ ဘယ်လို ဥပမာလဲ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အရှေ့ စာမျက်နှာကို ကြည့်လိုက်ရင် ပြည်သူလူထု ဘယ်လောက်က လက်မှတ်ထိုး ထောက်ခံပြီး၊ မဲထည့်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ဖြစ်လာတာ။ အခု ၂၀၀၈ ဖွဲ့စည်းပုံထဲမှာဆိုရင် နိုင်ငံတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေး အတွက် အဟန့်အတားဖြစ်နေတဲ့ အချက်တွေရှိနေတယ်။ အဲဒါက အတည်ပြုတုန်းကလည်း ဒီပြည်သူတွေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲချင်တယ်ဆိုရင်လည်း ဒီပြည်သူတွေပါမှ ဖြစ်မယ်ဆိုပြီး ဥပမာပြရင်းနဲ့ ပြည်သူတွေကို ငြိမ်းချမ်းရေး အသိပညာပေးခဲ့ပါတယ်။ မေး။ ။ လွဲမှားနေတဲ့ အသိတရားကို ပြောင်းလဲဖို့ ဘယ်အရာတွေက အခက်အခဲဖြစ်မလဲ။ ဖြေ။ ။ သူတို့ ပြောင်းလဲလာအောင်လုပ်ဖို့ တော်တော်ခက်တယ်။ စစ်ပြေးရှောင်စခန်းကို သွားတာက သူတို့စားဝတ်နေရေးအတွက် သူတို့အခက်ခဲဖြစ်နေတာအတွက် အဓိကပဲ။ သူတို့ ပိုင်ဆိုင်မှုတွေကို စိုးရိမ်တယ်။ အိမ်ပြန်သွားရင် နေရာမရှိတော့ဘူးထင်တယ်။ အဲဒါကို ဖြေရှင်းတဲ့အနေနဲ့ နင်တို့ မပြန်ခင်ကြားမှာ နီးစပ်တဲ့ရွာမှာ မြေကွက်ပေးမယ်။ ပြီးရင် စိုက်ပျိုးဖို့ မြေပေးမယ်။ အဲဒီလောက်ထိ ပြောတာတောင်မှ ကျန်ခဲ့တဲ့ ပစ္စည်းကိုပဲ သံယောဇဉ်ရှိတာ။ အဲဒီလို အတွေးမျိုးပဲရှိတာဆိုတော့ ငြိမ်းချမ်းရေးအတွက် အသိပေးဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ မေး။ ။ အခုဆွေးနွေးပွဲကရော ဘယ်လို ရလဒ်တွေ ရလာနိုင်လဲ။ ဖြေ။ ။ ဒီနေ့လုပ်တဲ့ပွဲက CSO က တဖွဲ့၊ မီဒီယာ တဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်က တဖွဲ့ဆိုပြီးတော့ သုံးဖွဲ့ရဲ့ ကြားထဲမှာရှိနေတဲ့ တဖွဲ့နဲ့ တဖွဲ့ အားနည်းချက်တွေကို အချင်းချင်း တွေ့မြင်သွားပြီး ကူညီနိုင်မယ်။ ဒီဆွေးနွေးပွဲ တွေကနေ တဆင့် အမျိုးသမီးတွေရဲ့ မငြိမ်းချမ်းတဲ့အသံတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့အသံတွေ တနည်းအားဖြင့် ငိုညည်းသံတွေကို အခုလို ဆွေးနွေးပွဲတွေကနေ ပြန်ကြားရတဲ့အခါ ဒေသအသီးသီး၊ နယ်ပယ်အသီးသီးက အမျိုးသမီးတွေအတွက် အားအင်ဖြစ်စေမယ်လို့ ကျမ မြင်တယ်။ The post အမျိုးသမီးတွေက တိုက်ပွဲ အတွက်ဖြေရှင်းနိုင်တဲ့သူလို့ မမြင်ကြဘူး appeared first on ဧရာဝတီ.
Source : http://ift.tt/2B5fwT8
via IFTTT
No comments:
Post a Comment