Saturday, November 4, 2017


ကန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်သို့ လာမည် ရခိုင်ပြည်နယ် အရေးကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်သည် မြန်မာနိုင်ငံသို့ တရက်ကြာခရီး လာရောက်မည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အစိုးရဌာနများမှ ရခိုင်အရေး ဦးဆောင်နေသူများနှင့် တွေ့ဆုံခွင့် ရရှိရန် တောင်းခံထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။ “သူတို့က လာမယ်။ ဆွေးနွေးမယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့ အနေအထားကို ထောက်ခံ အားပေးတဲ့ သဘောပေါ့။ ထောက်ခံအားပေးနေတဲ့ တချိန်တည်းမှာပဲ သူတု့ိအနေနဲ့ ဘာတွေ စိုးရိမ်မှု ရှိတယ်။ အဲဒါတွေ ဆွေးနွေးလာမယ့် အနေအထားတွေ ရှိတယ်။ ကျနော်တို့ဘက်ကတော့ အထူးတလည် တင်ပြတာမျိုး မဟုတ်ဘဲ။ ကိုယ်လုပ်နေတာကိုပဲ ပြောမှာပါ”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ “သူက ဒီကာလမှာ ဒီဘက်ကို အစည်းအဝေး လာတက်ဖို့ ရှိတယ်။ အစည်းအဝေး လာတက်ရင်းနဲ့ ဒီဘက်ကို ခရီး ထွက်လာမယ်။ လက်ရှိ အနေအထားအရ ဘာတွေ ဆွေးနွေးမယ်ဆိုတာ နည်းနည်းစောသေးတော့ ပြောရတာ ခက်ပါတယ်။ Sanction ကိစ္စတွေကတော့ တပ်မတော်နဲ့ တွေ့ခွင့်တောင်းထားတာဆိုတော့ သူတို့ တိုက်ရိုက်ထိတွေ့ပြီးတော့ ပြောပါလိမ့်မယ်”ဟု ၎င်းက ရှင်းပြသည်။ မစ္စတာ ရက်စ်တေလာဆန်သည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်၍ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှု အကူအညီများ ပေးရေးနှင့် မြန်မာ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု ဖြစ်စဉ် တွင် အကူအညီများ ပေးနိုင်ရေးတို့အတွက် မြန်မာ ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ခရီးစဉ် တခုကို ကြိုတင် ညှိနှိုင်းမှုများ ပြုလုပ်ရမည် ဖြစ်သော်လည်း ကန်နိုင်ငံခြားရေး ဝန်ကြီးသည် အာဆီယံ အစည်းအ ဝေးတက်ရင်း မြန်မာနိုင်ငံသို့ လာရောက်မည့် သဘောဖြစ်ကြောင်း၊ ၎င်း၏ ခရီးစဉ်အတွက် အသေးစိတ် ညှိနှိုင်းမှုများ ထပ်မံ ပြုလုပ်ရဦးမည် ဖြစ်၍ ယခင်ကလည်း အမေရိကန် ခေါင်းဆောင်များ၏ ခရီးစဉ်များ လာရောက်ရန် ညှိနှိုင်းသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးပြီး နောက်ဆုံး ၂ ဖက် အဆင်မပြေ၍ ရွေ့ဆိုင်းခဲ့ရဖူးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ ကန်နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်အတွင်း ရခိုင်ပြဿနာတွင် အဓိက မေးခွန်းထုတ်ခံနေရသည့် ဒုက္ခသည် အရေးကို အချက်အလက် ခိုင်ခိုင်မာမာဖြင့် ရှင်းလင်းတင်ပြနိုင်ရန် လိုအပ်ပြီး တိုင်းပြည်၏ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်းကို ဦးစာပေး ရှင်းလင်းသင့်ကြောင်း မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည် မောင်တော ခရီးစဉ်သွားတဲ့ အချိန်အထိ အုပ်စုလိုက် ထွက်နေကြတုန်းပဲ။ ဒါကို စည်းရုံးတဲ့နည်း၊ ခြိမ်းခြောက် အကြပ်ကိုင်တဲ့နည်းတွေနဲ့ ဒုက္ခသည်တွေကို ထွက်ခိုင်းနေတာ ဖြစ်တယ်။ အဲဒီအချက်ကို ရခိုင်ကိစ္စမှာ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အကြမ်းဖက်သမားတွေရဲ့ ထောင်ချောက်ထဲ မရောက်သွားဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ခြေလှမ်းပြင်နေချိန်တွင် ယခုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အရေးကြီးသည့် ခရီးစဉ် ဖြစ်ကြောင်း၊ အမေရိကန် အနေဖြင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း တွေ့ဆုံ စကားပြောဆိုနိုင်ရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။ “ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားဥပဒေမဲ့ ဆောင်ရွက်မှုတွေ ရှိတယ်၊ မရှိဘူးဆိုတာကို အစိုးရက လုပ်ထားတဲ့ စုံစမ်း စစ်ဆေးမှုတွေကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ သူ့ရဲ့ ခရီးစဉ် အတွင်းမှာ အချက်အလက် ခိုင်ခိုင်မာမာပေါ့လေ။ ထိထိရောက်ရောက် ရှင်းလင်းဆွေးနွေးတင်ပြနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံများ အလေးထားသင့်သည့် အချက်မှာ လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ သည် နုနယ်သည့် အနေအထားမျိုး ရှိရာ ဖိအားပေးခြင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ အရေးယူခြင်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လာပါက မြန်မာနိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံများနှင့် ပိုမိုနီးစပ်အောင် တွန်းပို့လိုက်သလို ဖြစ်သွားနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်က ရခိုင်အရေးတွင် မြန်မာနိုင်ငံ၏ စွပ်စွဲပြစ်တင်ခံရမှု၊ စွပ်စွဲပြစ်တင်မှုကြောင့် ရရှိလာသည့် အကျိုးဆက်နှင့် ပြဿနာ ဖြေရှင်းနိုင်ရေးတို့အတွက် တိုင်းပြည်၏ လိုအပ်ချက်တို့ကို အမေရိကန် ပြည်ထောင်စုက သိရှိအောင် တင်ပြနိုင်ရန် လိုအပ်ကြောင်း ပြောသည်။ “စွပ်စွဲပြစ်တင်နေတဲ့ အချက်တွေထဲမှာ ဘယ်အချက်တွေကတော့ဖြင့် ကျိုးကြောင်း မခိုင်လုံဘူးဆိုတာ သိသာအောင် ပေါ်လွင်အောင် ပြနိုင်ရမယ်။ ပြောနိုင်ရမယ်။ ဥပမာ စွန့်ခွာနေတာတွေက နယ်မြေရှင်းလင်းတာတွေ ရပ်လိုက်ပြီးတဲ့ နောက်မှာ ဘာကြောင့် စွန့်ခွာနေတာလဲ ဆိုတာကို ပြနိုင်ရမယ်။ ပြီးတော့ တပ်မတော်က လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို ရှင်းပြနိုင်ရင် အကျိုးရှိတဲ့ ခရီးစဉ်တခု ဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။ ရခိုင်ဒေသတွင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိုဒေသရှိ လူမှု အဖွဲ့အစည်းများတွင် ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီများ ရရှိနိုင်ရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရှိနိုင်အောင် တင်ပြခြင်းများ ပြုလုပ်သင့်ကြောင်း၊ အမေရိကန်ကလည်း မြန်မာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရခိုင်ပြဿနာကို ပူးပေါင်း အဖြေရှာရန် ဆန္ဒရှိနေပုံရကြောင်း နိုင်ငံရေး ဝေဖန်သုံးသပ်သူများက ပြောဆိုကြသည်။ “၂၀၀၈ အခြေခံ ဥပဒေအရ တပ်နဲ့ အစိုးရမှာ သီးခြား အခွင့်အာဏာတွေ ရှိနေတယ်။ အမျိုးသား ရင်ကြားစေ့ရေး အောင်မြင်ဖို့ အစိုးရနဲ့ တပ်မတော် ညီညွတ်ဖို့ လိုအပ်တယ်လု့ိ မြင်တဲ့အပိုင်း ရှိသလို၊ တပ်မတော်ကို ဖိအား ပေးသင့် တယ်လို့ မြင်တဲ့အပိုင်းတွေလည်း ရှိတယ်။ အမေရိကန်ကတော့ ဒုတိယ အယူအဆကနေ ရပ်ခံချင်ပုံ ရပါတယ်”ဟု နိုင်ငံရေး လေ့လာသူတဦးဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်သည် ရခိုင်အရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တယ်လီဖုန်းမှတဆင့် ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်သလို သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် အဆင့်မြင့်ဆုံး အမေရိကန်အရာရှိတဦးအဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။ The post ကန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်သို့ လာမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ytpsrT
via IFTTT

No comments:

Post a Comment