ဘိုကလေးမြို့၌ တနေ့တည်း မီး ၂ ကြိမ် လောင်ကျွမ်း အိမ် ၁၈လုံး ဆုံးရှုံး ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့၌ ယနေ့ တရက်တည်းမှာပင် မီးလောင်ကျွမ်းမှု ၂ ကြိမ် ဖြစ်ပွားရာ နေအိမ် ၁၈ လုံး ဆုံးရှုံးကြောင်း သိရသည်။ ယနေ့ နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က အမှတ် ၁ ရပ်ကွက် ရွှေငါးကြီးစက်လှေဆိပ်အနီးရှိ စက်သုံးဆီဂိုထောင်တလုံးမှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား ရာ အခန်း ၃ ခန်းပါ လိုင်းခန်းတွဲ တခုအပါအဝင် အိမ် ၁၀ လုံး မီးလောင် ပျက်စီးသွား သည်။ ထို့နောက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ဘိုကလေးမြို့ မြောက်ဘက် ၁၀ မိုင်အကွာရှိ မြင်းကကုန်း ကျေးရွာရှိ လူမနေသည့် အိမ်တလုံးမှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြန်ရာ အိမ်ခြေ ၈ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဘိုကလေးမြို့မရဲစခန်းမှ ဆိုသည်။ မီးလောင်ခဲ့ရာ နေရာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များအပါအဝင် အနီးရှိ ကျေးရွာများမှ မီးသတ်ကား များ ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ မော်လမြိုင်ကျွန်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ စုစုပေါင်းမီးသတ်ယာဉ် ၂၀ စီးခန့် သွားရောက်မီးငြိမ်းသတ်ခဲ့ရကြောင်း၊ မီးမှာ နှစ်နေရာလုံး၌ ၁ နာရီ နီးပါး ခန့် လောင် ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဘိုကလေးမှာ မီးလောင်လို့ ကူဖို့ မြင်းကကုန်းရွာက မီးသတ်ကားတွေ ထွက်သွားပြီးမှ ရွာမှာ မီးလောင်တော့ ရွာသား တွေဝိုင်းပြီး ရေနဲ့ ငြိမ်းသူငြိမ်း အိမ်တွေ တန်းတွေ ဆွဲချသူ ဆွဲချနဲ့ လုပ်နေကြရလို့ မီးလောင်တာ ကြာသွားတာ ဘိုကလေးက မီးသတ်ကားတွေ ပြန်ရောက်ပြီး ငြိမ်းတော့မှ မီးညွန့်ကျိုးသွားတယ်”ဟု မြင်းကကုန်းကျေးရွာနေ ဦးကျော်လင်းက ပြောသည်။ ဘိုကလေးမြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း ယခုမီးလောင်မှုသည် ပထမဆုံးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန စာရင်းများအရသိရသည်။ The post ဘိုကလေးမြို့၌ တနေ့တည်း မီး ၂ ကြိမ် လောင်ကျွမ်း အိမ် ၁၈လုံး ဆုံးရှုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2Anaocr
via IFTTT
No comments:
Post a Comment