နှလုံးခုန်နှုန်း မမှန်ကန်ခဲ့သည့်အတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ကာရစ်အသိပေး မန်ချက်စတာ၊ နိုဝင်ဘာ ၂၅ မန်ယူကွင်းလယ်ကစားသမား ကာရစ်သည် ၎င်းအနေနှင့် အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိခဲ့ဘဲ နှစ်လကြာ အနားယူခဲ့ရသည်မှာ နှလုံးခုန်နှုန်း မမှန်ကန်သည့်ဝေဒနာကို ခံစားခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ ကာရစ်သည် လက်ရှိတွင် ပုံမှန်အနေအထားတစ်ရပ်ကို ပြန်လည်ပိုင်ဆိုင်ရရှိနိုင်ရန်အတွက် အသင်းဆရာဝန်များ၏ကြပ်မတ်စစ်ဆေးမှုများကို ခံယူနေရဆဲဖြစ်ပြီး ၎င်းအနေနှင့် မန်ယူက ဘာတန်ကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလားပွဲစဉ်တွင် ပါဝင်ကစားပေးခဲ့ပြီးသည့်နောက်၌ အခြေအနေ ပုံမှန်မဟုတ်သည်ကို ရိပ်စားသိရှိမိသည့်အတွက် ဆေးစစ်မှုများ ဆောင်ရွက်လိုက်ရာတွင် နှလုံးခုန်နှုန်း မမှန်မကန်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ကာရစ်က အသိပေးသွားခဲ့သည်။ ကာရစ်သည် ကြံ့ခိုင်မှု စိတ်ချရသည့်အခြေအနေသို့ရောက်ရှိပါက တစ်ကိုယ်ရည်လေ့ကျင့်ရေးဆင်းမှုများ စတင်တော့မည်ဖြစ်ကာ ကာရစ်ကို လေ့ကျင့်ရေးဆင်းခိုင်းရာ၌ တစ်ဆင့်ချင်းအလိုက်သာ ဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ ပင်ပန်းနွယ်နယ်မှုဒဏ်ကို နှလုံးက မည်ရွေ့မည်မျှ ခံနိုင်ရည်ရှိသည်ကို အတိအကျ သိရှိပြီးမှသာလျှင် ကာရစ်မှာ ပွဲထွက်ကစားနိုင်သည့်အဆင့်သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း မန်ယူအသင်းဆေးအဖွဲ့ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီဖြစ်သည်။ အသက် ၃၆ နှစ်အရွယ်ရှိ ကာရစ်နှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသည့် စာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ ယခုစာချုပ်သက်တမ်းပြီးဆုံးချိန်တွင် ကာရစ်မှာ ကျန်းမာရေးအခြေအနေအရ ကစားသမားဘဝကို ကျောခိုင်း၍ အနားယူမည့်ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ဖွယ်ရှိနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
Source : https://goo.gl/m9wBRL
via IFTTT
No comments:
Post a Comment