စစ်ရှောင်စခန်းမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၂ ဦး၏ အလောင်း တူးဖော်တွေ့ရှိ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများမှ ကျွဲကျောင်းရင်း ပျောက်ဆုံးသွားသည့် ကချင် အမျိုးသားနှစ်ဦး၏ အလောင်းကို ဒေသခံရွာသားများက တူးဖော် တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ကချင် အမျိုးသား နှစ်ဦးမှာ အသက် ၆၅ နှစ်အရွယ် ဦးဖော်ကန့်ယော် နှင့် အသက် ၃၅ နှစ် အရွယ်ရှိ ဦးဒေါ့ဂျယ်နော်ဆန့် (ခ) အင်ခွန်နော်ဆန့် တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ဇန်နဝါရီလ ၃၁ ရက်၌ ကျွဲကျောင်းသွားပြီး အပြန် မိုင်းခေါင်ကျေးရွာမှ ခပရာယန်ကျေးရွာသို့ သွားသည့် လမ်းမကြီး တွင် တပ်မတော် စစ်ကြောင်း၏ ဖမ်း ဆီးခြင်းခံရလိုက်ကာ ထိုနေ့မှစ၍ ပျောက်ဆုံးသွားခြင်း ဖြစ် ကြောင်း ဒေသခံများက အဆိုအရသိရသည်။ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီပေးနေသူ ဦးဒေးဗစ်က “ မနေ့က ၁၁ နာရီ လောက် ဒီ မိုင်းခေါင်က အမျိုးသား အမျိုးသမီး ၂၄ယောက်သွားရှာကြတယ်။ အဲဒီမှာ တွေ့ တာ။ သူတို့ကို ဖမ်း သွားတဲ့နေရာ လယ်တောရဲ့အောက်ဘက်မှာ ကျင်း ၁ ကျင်းတူးပြီး နှစ်ယောက်လုံး ကို မြှုပ်ထားတာ တွေ့တာ” ဟု ပြောသည်။ ကချင်အမျိုးသား နှစ်ဦး ပျောက်ဆုံးသွားပြီးနောက် ခပရာယန်ကျေးရွာဘက်သို့ သွားသည့် လမ်းကို အရပ်သား များ မသွားလာရန် ည ၈ နာရီကျော်လျှင်လည်း အပြင်မထွက်ရန် တပ်မတော်က မိုင်းခေါင် ကျေးရွာဒေသခံများ ကို အကြောင်းကြားခဲ့ကြောင်းလည်း ၎င်းကဆိုသည်။ ပျောက်ဆုံးနေသူ နှစ်ဦး၏ မိသားစုဝင်များက မံစီမြို့နယ်ရဲစခန်းတွင် လူပျောက်အမှုတိုင်ကြားကာ အမှုဖွင့် လိုက်ပြီး သတင်းတစုံတရာ မကြားရသဖြင့ ်ဖေဖော်ဝါရီလ ၁၂ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို အမှုစိစစ်ပေးရန် အသနားခံစာ တင်ထားကာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် မံစီမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ကူညီပေးရန် စာပို့ထားသည်။ သို့သော် ၎င်းတို့နှစ်ဦး၏ သတင်းများမရသဖြင့် မိသားစုဝင်များနှင့် စစ်ဘေးရှောင်စခန်းတာဝန်ခံများ ဒေသခံ များက လိုက်ရှာဖွေကြရာ မတ်လ၈ ရက် နေ့လည်ပိုင်းတွင် အလောင်းများကို လယ်ကွင်းအနီး တူးဖော်တွေ့ ရှိခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ တူးဖော်တွေ့ရှိသည့် အလောင်းများ ပျောက်ဆုံးမည်ကိုစိုးရိမ်သဖြင့် မတ်လ ၈ရက် ညက မိုင်းခေါင် ကျေးရွာ ဒေသခံများ စောင့်ဆိုင်းနေကြပြီး ယနေ့ မတ်လ ၉ ရက်၌ မံစီမြို့နယ် ရဲစခန်းမှူး မြို့နယ် ဆရာဝန် မြို့နယ်တရားသူကြီးနှင့် ရပ်မိရပ်ဖများက အလောင်းများကို တူးဖော်သယ်ယူရန် မိုင်းခေါင် ကျေးရွာသို့ ရောက်ရှိနေပြီ ဟု ဒေသခံများထံမှ သိရသည်။ သို့သော် အလောင်းတွေ့ရှိသည့် နေရာသို့ သွားရန် တပ်မတော် တပ်ဖွဲ့ဝင်များ၏ ခွင့်ပြုချက်ကို ယူရ မည်ဟု မံစီမြို့နယ်စခန်းမှူးမှ ပြောသဖြင့် ခွင့်ပြုမိန့် စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု ဦးဒေးဗစ်က ဆိုသည်။ “အစကစခန်းမှူးက ခွင့်ပြုမိန့်ရပြီလု့ိပြောတယ်။ တရားသူကြီးနဲ့ မှုခင်းဆရာဝန်ပါလာတော့ သူတို့ နှစ်ယောက်ကို အထက်က အမိန့်လိုသေးတယ်တဲ့။ ပြောနေရင်း မံစီစခန်းမှူးကလည်း တပ်ကအဆင့် ဆင့်ကို ပြောရမယ်လို့ ပြောလာတယ်။ မိုင်းခေါင်မှာက ခမရ -၆၀၂ က ထိုင်ထားတယ်။ အခု ခွင့်ပြုမိန့် ရဖို့ စောင့်နေတယ်” ဟု ပြော သည်။ အလောင်းများ တူးဖော်တွေ့ရှိသည့်နေရာ၌ အလောင်းများကို မပျောက်ပျက်ရန် မတ်လ ၈ရက် ညပိုင်း မှ ယနေ့ထိ စောင့်ပေးနေသည့် ဒေသခံ ၂၀ခန့်လည်း ရှိနေပြီး အာဏာပိုင်များနှင့် တာဝန်ရှိသူများ သွားလာခွင့်မရပါက ဒေသခံများက အလောင်းများကို သယ်ဆောင်လာပေးရန် စီစဉ်နေကြသည် ဟု လည်း သိရသည်။ အလောင်းများ သယ်လာပြီးပါက မှုခင်းဆရာဝန်ဖြင့် ဆေးစစ်ချက် ရယူပြီး တရားဥပဒေအရ မိသားစု က ဆောင်ရွက်သွားမည်ဟု သိရသည်။ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သည့် Fortify Rights ကလည်း ဖေဖော်ဝါရီလအတွင်းက မိုင်းခေါင်ကျေးရွာသို့ ရောက်လာပြီး ဖြစ်စဉ်များကို မေးမြန်းကာ ဦးဖော်ကန့် ယော်နှင့် ဦးဒေါ့ဂျယ် နော်ဆန့်တို့ ဖမ်းဆီးခံရစဉ်က တွေ့ရှိခဲ့သည့် မျက်မြင်သက်သေ နှစ်ဦးကိုလည်း မေးမြန်း၍ အချက်အလက် ရယူခြင်းများ ပြုလုပ်ထားသည်။ ဖေဖော်ဝါရီလ ၂၀ ရက်တွင်လည်း Fortify Rights က တပ်မတော်မှ ဖမ်းဆီးပြီး နောက် ပျောက်ဆုံး သွားသည့် ကချင်အရပ်သားနှစ်ဦးကိစ္စကို အစိုးရက စုံစမ်းပေးပါဟု ထုတ်ပြန်ချက် တစောင်ထုတ် တောင်းဆိုထားသည်။ ပျောက်ဆုံး ကချင် ၂ ဦး၏ ရုပ်အလောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် မျက်မြင်သက်သေများနှင့် မေးမြန်းထားချက်များကို ဖော်ပြ ထားပြီး အဆို ပါ မျက်မြင်သက်သေများမှာ ဦးဖော်ကန့်ယော်၊ ဦးဒေါ့ဂျယ်နော်ဆန့်တို့နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက် လာသူများ ဖြစ်ကြသည်ဟု ရေးသားထားသည်။ မျက်မြင်သက်သေများမှ Fortify Rights ကို ပြောဆိုထားချက်များအရ ဦးဖော်ကန့်ယော်နှင့် ဦးဒေါ့ဂျယ်နော်ဆန့်တို့သည် ကျွဲကျောင်းပြီး ခပရာယန်ကျေးရွာ လမ်းမကြီးအတိုင်း လမ်းလျှောက် လာကြရာ တပ်မတော် စစ်ကြောင်းများနှင့် တွေ့ကာ စစ်သားများက ၎င်းတို့ နှစ်ဦးကို ဖမ်းဆီးပြီး လယ်ကွင်းများ ရှိရာသို့ ခေါ်သွားကြောင်း ၎င်းတို့နှင့်အတူ လယ်ကွင်းအနီး ဟင်းရွက်ခူးနေသည့် မျက်မြင်သက်သေများလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရ သည်။ ထို့နောက် တပ်မတော်သားများက ဦးဖော်ကန့်ယော်နှင့် ဦးဒေါ့ဂျယ်နော်ဆန့်တို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်သားများ ဟုတ်/မဟုတ်ကို အတူဖမ်းခံထားရသည့် မျက်မြင်သက်သေများ အား မေးမြန်းရာတွင် မသိကြောင်း ဖြေဆိုခဲ့သဖြင့် တပ်မတော်သားများက ပြန်လွှတ်ပေးခဲ့ဟု ဆို သည်။ မျက်မြင်သက်သေများ အိမ်ပြန်ရာ လမ်းတွင် ပြန်လှည့်ကြည့်ရာ၌ တပ်မတော်သားများက ဦးဖော်ကန့်ယော်နှင့် ဦးဒေါ့ဂျယ်နော်ဆန့်တို့ကို KIA ယူနီဖောင်းများ ဝတ်ပေးနေကြောင်း တွေ့လိုက်ပြီး ဆက်မကြည့်ဘဲ အိမ်ပြန်ရာ၌ ၎င်းတို့ထံမှ ကချင်လို အော်ဟစ်သည့် အသံများ ကြားရပြီး သေနတ်သံ ၂ချက် ကြားလိုက်ရ သည်ဟု Fortify Rights ကို ဖြေဆိုထားကြသည်။ ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်ကလည်း မိုင်းခေါင်ကျေးရွာ၌ နေ့စားအလုပ်လုပ်ပြီး ပြန်လာသည့် စစ်ဘေး ရှောင် အရပ်သားများ ဖြစ်သည့် ကချင်အမျိုးသား ၃ ဦးကို ခပရာယန်ကျေးရွာလမ်းတွင် မိုင်းခေါင် အခြေစိုက် ခြေမြန် တပ်ရင်း ခမရ ၃၁၉ မှ အရာရှိများနှင့် တပ်မတော်သားများက စစ်ကြောင်း ထွက် ရင်း တွေ့ရှိရာမှ ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြသည်။ ဒေသခံများက အလောင်းများကို ရှာဖွေတူးဖော်ပြီး ဆေးစစ်ချက်များ ရယူကာ အမှုဖွင့်သဖြင့် အရပ် သားများကို သတ်ဖြတ်ပြီး အလောင်းဖျောက်သည့် အမှုတွင် ပါဝင်ခဲ့သည့် ခမရ ၃၁၉ မှ တပ်ရင်းမှူး ၁ဦး၊ ဗိုလ်ကြီး ၃ဦး၊ ဒု တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို စစ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ပြီး ရာသက်ပန် တပ်မတော်မှ ထုတ်ပယ်မှု ပြုခဲ့သည်။ ဆက်စပ်ဖတ်ရှု့ရန် – ကချင် အရပ်သား သတ်ဖြတ်မှု တပ်မတော်သား ၆ ဦး ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချ တရားမျှတမှုကို လိုချင်တဲ့ ဒေါ်မဂျီခေါန်နန် The post စစ်ရှောင်စခန်းမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၂ ဦး၏ အလောင်း တူးဖော်တွေ့ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2DcxsLl
via IFTTT
No comments:
Post a Comment