မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းဖွင့်လှစ်ရန် အဲအေးရှားက စဉ်းစားနေ မြန်မာနိုင်ငံတွင် လေကြောင်းတစ်ခု ဖွင့်လှစ်ရန်အတွက် လက်တွဲလုပ်ကိုင်ဖွယ်ရှိသူတစ်ဦးနှင့် စကားပြောဆိုနေသည်ဟု အဲအေးရှား (AirAsia) ၏ အကြီးအကဲဖြစ်သူက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်သည်။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတွင် ကျင်းပခဲ့သည့် အာဆီယံ-သြစတြေးလျအစည်းအဝေးအတွက် ဆစ်ဒနီတွင် ရောက်ရှိနေသည့် တိုနီဖာနန်ဒက်စ်က ရိုက်တာနှင့် အင်တာဗျူးတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။ “အဲဒါက လေကြောင်းလိုင်းအကြီးကြီးတော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လေဆိပ်အခြေခံ အဆောက်အဦးတွေ အဲဒီမှာ မရှိသေးပါဘူး။ ဒါပေမယ့် လူဦးရေ သန်း ၅၀ ရှိပြီး အချိန်နဲ့အမျှ ဖွံ့ဖြိုး တိုးတက်လာမှာပါ” ဟု ဖာနန်ဒက်စ်က ပြောကြားသည်။ လေကြောင်းလိုင်းဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံမှ လေကြောင်းလိုင်းပိုင်ရှင်တစ်ဦးနှင့် စကားပြောဆိုနေသည်ဟု ၎င်းက အင်တာဗျူးတွင် ပြောကြားထားသည်။ “ဆစ်ဒနီမှာ လူတစ်ယောက်နဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့ အချိန်အကြာကြီးကတည်းက သိထားတဲ့ လေကြောင်းလိုင်းကောင်းကောင်းတစ်ခု သူ့မှာ ရှိနေတယ်။ ပြီးတော့ သူက လေးစားမှုရထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော် လက်တွဲလုပ်ကိုင်ဖွယ်ရှိသူ၏ အမည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိဟု ရိုက်တာက ရေးသားထားသည်။ အဲအေးရှားသည် ၎င်း၏ မိခင်နိုင်ငံဖြစ်သည့် မလေးရှားအပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများတွင် လေကြောင်းလိုင်းများ လုပ်ကိုင်နေသည်။ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံကို လွှမ်းခြုံမိသည်နှင့် အရှေ့တောင်အာရှရှိ လူဦးရေအား လွှမ်းခြံုမိသွားမည်ဟု ဖာနန်ဒက်စ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း ပုဂ္ဂလိကနှင့် အစိုးရလေကြောင်းလိုင်း ၁၁ ခုက ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ်များကို ပြေးဆွဲပေးနေသည်။ ထိုလေကြောင်းလိုင်းများအားလုံးကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားကြပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှာမူ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည်။ ဂျပန်နိုင်ငံမှ အကြီးဆုံး လေကြောင်းလိုင်းကြီး ဖြစ်သည့် ANA က မြန်မာနိုင်ငံတွင် ဖက်စပ်လေကြောင်းလိုင်းတစ်ခု ထူထောင်ရန် ထပ်မံကြိုးပမ်းသွားမည်ဟု ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းက ပြောကြားထားသည်။ ထိုသို့ ဖက်စပ်လေကြောင်းလိုင်း ထူထောင်ရန် ANA က နှစ်ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပြီးနောက် တတိယအကြိမ် ကြိုးစားရန် စီစဉ်နေခြင်းဖြစ်သည်။
Source : http://ift.tt/2FNPLg9
via IFTTT
No comments:
Post a Comment