ချစ်ခန်း၊ ကြိုက်ခန်းတွေ မပါတဲ့ ရိုးရှင်းတဲ့ ဒရာမာ ဇာတ်ကား “Udaan (2010)” ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အိန္ဒိယ အကောင်းဆုံးရုပ်ရှင် ၄၆ ကားစာရင်းထဲမှာ ပါခဲ့တဲ့ “Udaan (2010)” ဇာတ်ကားဟာ ဇာတ်လမ်းအရ အင်မတန်မှ ရိုးစင်းလှပါတယ်။ ဒရာမာအမျိုးအစား ဆိုပေမယ့် ချစ်ခန်း၊ ကြိုက်ခန်းတွေ မပါတဲ့ ရိုးရှင်းတဲ့ ဒရာမာ ဇာတ်ကားကောင်း တကားဖြစ်ပြီး ရုပ်ရှင်စစ်စစ်ကိုမှ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၇ နှစ်အရွယ် ကောင်လေး Rohan ဟာ ကျောင်းကနေအထုတ်ခံရပြီး သူ့ရဲ့ ဇာတိ နယ်မြို့ လေးဆီ ပြန်ရောက်လာခဲ့ပါတယ်။ နယ်မြို့လေးကို ပြန်ရောက်တဲ့အခါမှာတော့ Rohan ရဲ့အဖေဟာ သူ့ရဲ့စက်ရုံမှာ အလုပ်လုပ်ခိုင်းပြီး တဖက်ကလည်းသူဖြစ်စေချင်တဲ့ အင်ဂျင်နီယာတယောက် ဖြစ်အောင် အင်ဂျင်နီယာကောလိပ် တက်ခိုင်းခဲ့ပါတယ်။ Rohan ကတော့ အင်ဂျင်နီယာလည်း မဖြစ်ချင်သလို စိတ်လည်း မဝင်စားတဲ့အတွက် စည်းကမ်းတင်းကြပ်လှတဲ့ သူ့အဖေနဲ့ မကြာခဏ ဆိုသလိုပဲ ပြဿနာတက်လေ့ ရှိပါတယ်။ သူတကယ်ဖြစ်ချင်တာက စာရေးဆရာ တယောက်လို့ သူ့အဖေကို ဖွင့်ပြောပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးကိုပဲ ငြင်းဆန်ခဲ့ပါတယ်။ တချို့သော မိဘတွေဟာ ကလေးတွေကို ငယ်စဉ်ကတည်းကနေ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းပျိုးထောင်လေ့ ရှိပါတယ်။ ဒါဟာ တချို့သော ကလေးငယ်တွေအတွက် အဆင်ပြေကောင်း ပြေပေမယ့် “ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ် ချင်တယ်”ဆိုတဲ့ ဝါသနာကို တိတိကျကျ သိသွားတဲ့ ကလေးတွေအတွက်တော့ မိဘနဲ့ ထိပ်တိုက်ကို တိုးပါတော့တယ်။ နားလည်မှုရှိတဲ့ မိဘနဲ့ဆိုရင်တော့ အဆင်ပြေပေမယ့် အတ္တကြီးတဲ့ မိဘမျိုးနဲ့ဆိုရင်တော့ အနာဂတ်လမ်းစပါ ပျောက်သွား နိုင်ပါတယ်။ ဒီ “Udaan” ဆိုတဲ့ ဇာတ်ကားမှာတော့ သားသမီးနဲ့ မိဘကြားက ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့သဘောကို ဒါရိုက်တာက ရိုးရိုးရှင်းရှင်းနဲ့ ပညာသားပါပါ ရိုက်ပြသွားတာပါ။ IMDB Rating (8.2) ရရှိထားပြီး ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ “အကောင်းဆုံး ဒါရိုက်တာဆု”၊ “အကောင်းဆုံး ဇာတ်လမ်းဆု”နဲ့ “အကောင်းဆုံး ရုပ်ရှင်ဆု”တွေကို ရရှိထားတာမို့ ဘောလိဝုဒ် ပရိသတ်တွေအတွက် ညွှန်းဆို ပေးလိုက်ပါတယ်။ The post ချစ်ခန်း၊ ကြိုက်ခန်းတွေ မပါတဲ့ ရိုးရှင်းတဲ့ ဒရာမာ ဇာတ်ကား “Udaan (2010)” appeared first on ဧရာဝတီ.
Source : http://ift.tt/2HaUaG5
via IFTTT
No comments:
Post a Comment