ဆန္ဒထုတ်ဖော်မှု အပါအဝင် ဝိနည်းနှင့် မညီသော သံဃာတော်များကို အာဏာစက်နှင့်ပါ အရေးယူမည် ဆန္ဒထုတ်ဖော်မှုအပါအဝင် ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော ရဟန်း၊ သံဃာတော်များကို ဓမ္မစက်ဖြင့်သာမက အာဏာစက်ဖြင့်ပါ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး တိုင်းသံဃနာယကရုံး၌ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက စတင်ပြုလုပ်သော တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) အစည်းအဝေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ မြို့နယ် သံဃနာယကအဖွဲ့များ၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ "သိမ်ဝင်ခြင်းမရှိဘဲ အလှူခံတယ်၊ ဘောလုံးပွဲလောင်းတဲ့ သံဃာတော်တွေ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာတော်တွေကို ဆရာတော်များက ဓမ္မစက်ဖြင့် ဆောင်ရွက်ပြီး အစိုးရအဖွဲ့က အာဏာစက်ဖြင့် ဆောင်ရွက်ပေးသွားမယ်" ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဘုန်းကြီးကျောင်းပေါင်း ခြောက်ထောင်ကျော်နှင့် ရဟန်းသံဃာတော်နှင့် သာမဏေ စုစုပေါင်း ရှစ်သောင်းငါးထောင်ကျော်ရှိပြီး ကျူးကျော် ဘုန်းကြီးကျောင်းများကို စာရင်းကောက်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆရာတော်များကို လျှောက်ထားသည်။ ယင်းအစည်းအဝေးတွင် တက်ရောက်လာသော ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်များက တိုင်းဒေသကြီးအတွင်းရှိ ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော ရဟန်းသံဃာတော်များကို ဓမ္မစက်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း ထိရောက်မှု ရှိစေရန် အစိုးရက အာဏာစက်ဖြင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် ထိရောက်မှု ရှိနိုင်ကြောင်း သြဝါဒမိန့်ကြားခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရဟန်းသံဃာတော် ကျောင်းတိုက်ပေါင်း ခြောက်သောင်းကျော်၊ ရဟန်းသံဃာ စုစုပေါင်း ငါးသိန်းနှစ်သောင်းကျော်တို့သည် သာသနာထွန်းကား ပြန့်ပွားရေးကို ဆောင်ရွက်လျက်ရှိသော်လည်း သံဃာတော် အချို့၏ ဆောင်ရွက်နေထိုင်မှု အချို့သည် သာသနာ ရေရှည်တည်တံ့ရေးအတွက် ထိခိုက်စေနိုင်ကြောင်း ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌ (သုဓမ္မာ) ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလ ဆရာတော်က ထပ်မံ မိန့် ကြားခဲ့သည်။ "ဝိနည်းတော်နှင့် ကျင့်ကြံနေထိုင်ခြင်းမရှိတဲ့ သံဃာတော်တွေကို ဆရာတော်တွေရဲ့ သြဝါဒခံယူပြီး လိုက်နာ ဆောင်ရွက်သွားမယ်။ သာသနာထွန်းကား ပြန့်ပွားရေးအတွက် ဆရာတော်ကြီးများက ဓမ္မစက်ဖြင့် ဆောင်ရွက်ပြီး အစိုးရအဖွဲ့က အာဏာစက်ဖြင့် ကူညီဆောင်ရွက် သွားမည်" ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ ယခင်အစိုးရလက်ထက်၌ တရားမဝင် ကျူးကျော်ဘုန်းကြီးကျောင်းများကို သက်ဆိုင်ရာ အစိုးရအဖွဲ့က ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျူးကျော်ဘုန်းကြီးကျောင်း ၁၃၇ ကျောင်း၊ နေပြည်တော်တွင် ၂၄ ကျောင်းနှင့် အခြားတိုင်းဒေသကြီး များတွင်လည်း ဖယ်ရှားခဲ့ကြောင်း သူရ ဦးအောင်ကိုက ဆိုသည်။ အလားတူ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် ကိုယ်တိုင်မောင်းနှင်ခြင်း၊ ဘောလုံးပွဲလောင်းခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော သံဃာတော်များနှင့် သံဃာ အတုအယောင်များကို ဓမ္မစက်၊ အာဏာစက်ဖြင့် အရေးယူသွားမည်ဖြစ်ပြီး ကျူးကျော် ဘုန်းကြီးကျောင်းများကို သက်ဆိုင်ရာ သံဃနာယအဖွဲ့နှင့် တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်း သွားမည် ဖြစ်ကြောင်း ယနေ့ကျင်းပသော သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) အစည်းအဝေးမှ ဆုံးဖြတ်ချက်ချခဲ့ကြောင်း မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များထံမှ သိရသည်။
Source : https://goo.gl/F642Sz
via IFTTT
No comments:
Post a Comment