နယူးယောက်တွင် ပေါက်ကွဲမှုဖြစ်။ အနည်းဆုံး ၂၉ ဦး ဒဏ်ရာရ နယူးယောက်၊ စက်တင်ဘာ ၁၈ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး အနည်းဆုံး ၂၉ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုမှာ ရုံးပိတ်ရက်များတွင် လူစည်ကားလေ့ ရှိသော ချဲလ်ဆီးစီရင်စုတွင် ဒေသစံတော်ချိန် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသူ ၂၉ ဦးမှာ အသက် အန္တရာယ် မစိုးရိမ်ရသော်လည်း တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း နယူးယောက်မြို့တော်ဝန် ဘေလ်ဒီဘလက်စီယိုက ယခုပေါက်ကွဲမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု တစ်ခု ဖြစ်ကြောင်း၊ သို့သော် အကြမ်းဖက် တိုက်ခိုက်မှုဟု ယူဆစရာ ပတ်သက် ဆက်နွယ်မှု တစ်ခုမှ မတွေ့ရှိရသေးကြောင်း ပြောကြားထားသည်။ ပေါက်ကွဲမှုမှာ အမှိုက်ပုံး တစ်ခုအတွင်းမှ ပေါက်ကွဲခြင်းဖြစ်သည်ဟု အတည် မပြုနိုင်သေးကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ထို့ပြင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာနှင့် မလှမ်းမကမ်းတွင် ဖောက်ခွဲရေး ပစ္စည်းဖြစ်နိုင်ချေ ရှိသော ကိရိယာတစ်ခုကို ရဲများက ထပ်မံရှာဖွေ တွေ့ရှိခဲ့သည်ဟုလည်း ရဲမင်းကြီး ဂျိမ်းစ်အိုနေးလ်က ပြောကြားသည်။ ယခု နယူးယောက်မြို့ ပေါက်ကွဲမှု မဖြစ်ပွားမီ နာရီပိုင်းအလိုတွင် နယူးဂျာစီပြည်နယ်တွင် လက်လုပ်ပိုက်ဗုံး တစ်ခု ပေါက်ကွဲခဲ့သေးသည်။ နယူးဂျာစီတွင် ရံပုံငွေ အပြေးပြိုင်ပွဲ တစ်ခု ကျင်းပပြီး မကြာမီမှာပင် ထိုကဲ့သို့ ပိုက်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူတစ်ဦး၊ တစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိချေ။ နယူးဂျာစီ ပေါက်ကွဲမှုနှင့် နယူးယောက်မြို့ ပေါက်ကွဲမှုကြားတွင် ဆက်နွယ်မှု တစ်စုံတစ်ရာ မတွေ့ရသေးကြောင်း နယူးယောက်မြို့တော်ဝန် မစ္စတာဘလက်စီယိုက ပြောကြားထားသည်။
Source : https://goo.gl/1xkAyQ
via IFTTT
No comments:
Post a Comment